1 Chronicles 23
23:1 ဒါဝိဒ်မင်းသည် အသက်ကြီး၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ၊ သားတော်ရှောလမုန်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍၊
23:2 ဣသရေလမင်း ယဇ်ပုရောဟိတ်၊ လေဝိသားအပေါင်းတို့ကို စုဝေးစေတော်မူ၏။
23:3 လေဝိသားတို့တွင် အသက်သုံးဆယ်လွန်၍ စာရင်းဝင်သော ယောက်ျားပေါင်းကား၊ သုံးသောင်းရှစ်ထောင်တည်း။
23:4 ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရကြ၏။
23:5 လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတူရိယာတို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။
23:6 လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုးအသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တစ်မျိုးတခြားစီ သင်းဖွဲ့စေ၏။
23:7 ဂေရရှုံအမျိုးသားကား၊ လာဒန်နှင့် ရှိမိတည်း။
23:8 လာဒန်သားအကြီးကား၊ ယေဟေလ၊ သူ၏ညီ ဇေသံနှင့် ယောလ၊ ပေါင်းသုံးယောက်တည်း။
23:9 ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည် လာဒန်အဆွေအမျိုး သူကြီးဖြစ်ကြ၏။
23:10 ရှိမိသားကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိ၊ ပေါင်းလေးယောက်တည်း။
23:11 ယာဟတ်ကား အကြီးဖြစ်၏။ ဇိဇကား ဒုတိယ အရာကိုရ၏။ ယုရှနှင့်ဗေရိ၌ကား သားများစွာမရှိ။ သို့ဖြစ်၍ အဆွေအမျိုးအလိုက် စာရင်းတစ်ခုတည်း၌ ပေါင်းကြ၏။
23:12 ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ၊ ပေါင်းလေးယောက်တည်း။
23:13 အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့် သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းချီးပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်းသော အရာတို့ကို သန့်ရှင်းစေခြင်းငှာ အခြားသူတို့နှင့် ခွဲထားသောသူ ဖြစ်ကြ၏။
23:14 ဘုရားသခင့်လူ မောရှေ၏သားကိုကား၊ လေဝိအမျိုးသားတို့၏စာရင်း၌သွင်းရ၏။
23:15 မောရှေသားကား ဂေရရှုံနှင့် ဧလျေဇာတည်း။
23:16 ဂေရရှုံသားတို့တွင်၊ ရှေဗွေလသည် အကြီးဖြစ်၏။
23:17 ဧလျေဇာသားအကြီး ရေဟဘိ တစ်ယောက်တည်းရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။
23:18 ဣဇဟာသားအကြီးကား ရှေလောမိတ်၊
23:19 ဟေဗြုန်သားအကြီးကား ယေရိ၊ ဒုတိယသား အာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံ၊
23:20 ဩဇေလသားအကြီးကား မိက္ခာ၊ ဒုတိယသား ယေရှိတည်း။
23:21 မေရာရိသားကား မဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။
23:22 ဧလာဇာသည် သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့် သူ့ညီကိရှသားတို့သည် စုံဖက်ကြ၏။
23:23 မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်းသုံးယောက်တည်း။
23:24 ဤရွေ့ကား အသက်နှစ်ဆယ်လွန်၍ ထာဝရဘုရား၏ အိမ်တော်အမှုကိုဆောင်ရွက်ရသော လေဝိအမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေအမျိုးသူကြီးဖြစ်သတည်း။
23:25 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသောကြောင့်၊
23:26 လေဝိသားတို့သည် တဲတော်နှင့် တဲတော်အမှု ဆောင်ရွက်ရာတန်ဆာများကို နောက်တစ်ဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ၏။
23:27 နောက်ဆုံး အမိန့်တော်အတိုင်း၊ အသက်နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။
23:28 အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန်သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသောအရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏အိမ်တော်နှင့် တံတိုင်းများ၊ အခန်းများ၌အမှုကို ဆောင်ရွက်ရကြမည်။
23:29 ရှေ့တော်မုန့်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာ မုန့်ညက်ကိုလည်းကောင်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကိုလည်းကောင်းလုပ်၍ ဘုရားသခင်၏အိမ်တော်အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းထွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်း အမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။
23:30 နံနက်တိုင်း၊ ညဥ့်ဦးတိုင်းရပ်လျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ဝန်ခံ၍ ထာဝရဘုရား၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းရကြမည်။
23:31 ပညတ်တရားတော်အတိုင်း ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်မျိုးတို့ကို ပူဇော်ရကြမည်။
23:32 ပရိသတ်စည်းဝေရာ တဲတော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်ကိုလည်းကောင်း၊ ထာဝရဘုရားအိမ်တော်၌ အမှုတော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကိုလည်းကောင်း စောင့်ရကြမည်။