1 Chronicles 28
28:1 တစ်ဖန် ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်းဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့်လှည့် အမှုတော်ကိုစောင့်သော တပ်မှူးဗိုလ်မင်း၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သားတော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသော သူရဲအကြီးအကဲ အရာရှိအပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော်မူ၏။
28:2 ထိုအခါ ဒါဝိဒ်မင်းကြီးသည် ရပ်၍၊ ငါ့ညီအစ်ကို၊ ငါ့လူတို့ နားထောင်ကြလော့။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် ငြိမ်ဝပ်ရာအိမ်တည်းဟူသော ဘုရားသခင်၏ ခြေတော်တင်ရာခုံကို တည်လုပ်မည်ဟု ငါအကြံရှိ၍ တည်လုပ်ခြင်းငှာ ပြင်ဆင်နှင့်ပြီ။
28:3 သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက်သောသူ၊ လူအသက်ကို သတ်သောသူဖြစ်၍၊ ငါ့နာမအဖို့ အိမ်တော်ကို မတည်မဆောက်ရဟု မိန့်တော်မူ၏။
28:4 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် ငါ့အဆွေအမျိုးများထဲက ငါ့ကိုရွေးကောက်၍ ဣသရေလရှင်ဘုရင်အရာ၌ အမြဲချီးမြှောက်တော်မူ၏။ ယုဒအမျိုးကိုရွေးကောက်၍ အခြားသော အမျိုးတို့ကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူ၏။ ယုဒအမျိုးတွင် ငါ့အဘ၏အိမ်ထောင်ကိုလည်းကောင်း၊ ငါ့အဘ၏သားတို့တွင် ငါ့ကိုလည်းကောင်းနှစ်သက်၍ ဣသရေလနိုင်ငံလုံးကို စိုးစံရသောအခွင့်ကို ပေးတော်မူ၏။
28:5 ထာဝရဘုရားသည် ငါ့အား များစွာသောသားတို့ကိုပေးတော်မူသည်ဖြစ်၍၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက်၍ ဣသရေလအမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား၏နိုင်ငံတော် ရာဇပလ္လင်ပေါ်မှာ ထိုင်စေခြင်းငှာ ခန့်ထားတော်မူပြီ။
28:6 ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ်နှင့် ငါ့တံတိုင်းတို့ကို တည်ရမည်။ ငါသည်ထိုသူကို သားအရာ၌ခန့်ထားခြင်းငှာ ရွေးကောက်ပြီ။ ငါသည် သူ၏အဘဖြစ်မည်။
28:7 သူသည် ငါစီရင်ချက် ပညတ်တရားတို့ကို ယနေ့ကဲ့သို့ အမြဲကျင့်လျှင် သူ၏နိုင်ငံကို ငါတည်စေမည်ဟု မိန့်တော်မူ၏။
28:8 သို့ဖြစ်၍ သင်တို့သည် ဤကောင်းသောပြည်ကိုပိုင်၍ သင်တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဖို့ ချန်ထားလိုသောငှာ၊ ထာဝရဘုရား၏ပရိသတ်တည်းဟူသော ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့၌လည်းကောင်း၊ ငါတို့ဘုရားသခင့် အထံတော်၌လည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်ရှိသမျှတို့ကို ရှာ၍ စောင့်ရှောက်ကြလော့။
28:9 ငါ့သားရှောလမုန်၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည်။
28:10 သတိပြုလော့။ သန့်ရှင်းရာဌာနအဖို့ အိမ်တော်ကိုတည်ဆောက်စေခြင်းငှာ သင့်ကို ထာဝရဘုရားရွေးကောက်တော်မူသောကြောင့်၊ အားယူ၍ တည်ဆောက်လော့ဟု မှာထားတော်မူ၏။
28:11 ထိုအခါ အိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာတိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ ကရုဏာပလ္လင်ထားရာအခန်း၏ပုံကိုလည်းကောင်း၊
28:12 ထာဝရဘုရား၏အိမ်တော်တံတိုင်းများ၊ ပတ်လည်၌ ကာသောအခန်းများ၊ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်များ၊ ပူဇော်သောအရာသိုထားရာ တိုက်များတို့၏ပုံကိုလည်းကောင်း၊ မိမိကြံစည်သမျှအတိုင်း၊ ဒါဝိဒ်သည် သားတော်ရှောလမုန်အား အပ်တော်မူ၏။
28:13 ယဇ်ပုရောဟိတ်၊ လေဝိသားသင်းဖွဲ့ခြင်း၊ ထာဝရဘုရား၏ အိမ်တော်၌ အမှုတော်ကို ဆောင်ရွက်ခြင်း၊ ဆောင်ရွက်စရာ တန်ဆာရှိသမျှတို့ကိုလည်း စီရင်တော်မူ၏။
28:14 အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေတန်ဆာရှိသမျှတို့အဖို့ ရွှေကိုလည်းကောင်း၊ ငွေတန်ဆာရှိသမျှတို့အဖို့ ငွေကိုလည်းကောင်း ချိန်၍ အပ်တော်မူ၏။
28:15 ရွှေမီးခုံနှင့် ရွှေမီးခွက်အသီးအသီးအဖို့၊ ငွေမီးခုံနှင့် ငွေမီးခွက်အသီးအသီး သုံးစရာရှိသည်အတိုင်း ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
28:16 ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဖို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
28:17 အမဲသားချိတ်၊ အင်တုံ၊ ဖလားများအဖို့ ရွှေစင်ကိုလည်းကောင်း၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်း အသီးအသီးအဖို့ ရွှေငွေကိုလည်းကောင်း၊ ချိန်၍ အပ်တော်မူ၏။
28:18 နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဖို့ ရွှေစင်ကိုလည်းကောင်း၊ အတောင်တို့ကိုဖြန့်၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံအဖို့ ရွှေကိုလည်းကောင်း ချိန်၍အပ်တော်မူ၏။
28:19 ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း၊ နားလည်နိုင်သော ဉာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။
28:20 သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သောစိတ်နှင့် လုပ်ဆောင်လော့။ မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်။ ငါ၏ ဘုရားသခင် ထာဝရအရှင်ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ လုပ်ဆောင်၍ လက်စမသတ်မီတိုင်အောင် သင့်ကို စွန့်တော်မမူ။ ပစ်ထားတော်မမူ။
28:21 သင်းဖွဲ့သောယဇ်ပုရောဟိတ်၊ လေဝိသားတို့သည်လည်း ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ရှိကြ၏။ လိမ္မာသော ဆရာသမား အမျိုးမျိုးတို့သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဖို့ရှိကြ၏။ မင်းများနှင့် ပြည်သူပြည်သားများ အပေါင်းတို့သည်လည်း သင့်လက်၌ရှိကြသည်ဟု မိန့်တော်မူ၏။