1 Chronicles 29
29:1 တစ်ဖန် ဒါဝိဒ်မင်းကြီးက၊ ဘုရားသခင် ရွေးကောက်တော်မူသော ငါ့သားရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ အမှုမူကား ကြီးလှ၏။ တည်ဆောက်ရသော ဗိမာန်သည် လူအဖို့မဟုတ်၊ ထာဝရအရှင် ဘုရားသခင်အဖို့ ဖြစ်၏။
29:2 ငါ၏ဘုရားသခင် အိမ်တော်အဖို့ ရွှေတန်ဆာလုပ်စရာဖို့ ရွှေကိုလည်းကောင်း၊ ငွေတန်ဆာလုပ်စရာဖို့ ငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာလုပ်စရာဖို့ ကြေးဝါကိုလည်းကောင်း၊ သံတန်ဆာလုပ်စရာဖို့ သံကိုလည်းကောင်း၊ သစ်သားတန်ဆာလုပ်စရာဖို့ သစ်သားကိုလည်းကောင်း၊ ရှဟံကျောက်နှင့် အရောင်မျိုးထွက်၍ စီစရာဖို့ ကောင်းသောကျောက်၊ အဖိုးထိုက်သောကျောက်မျိုး၊ များစွာသော ကျောက်ဖြူတို့ကိုလည်းကောင်း၊ တတ်နိုင်သမျှအတိုင်း ငါပြင်ဆင်ပြီ။
29:3 ငါ၏ဘုရားသခင် အိမ်တော်၌ ငါ့စိတ်နှလုံး စွဲလမ်းသောကြောင့်၊
29:4 ထိုသန့်ရှင်းသောအိမ်အဖို့ ပြင်ဆင်သော ဥစ္စာမှတစ်ပါး ကိုယ်ဥစ္စာထဲက ဩဖိရရွှေအခွက် သုံးသောင်းနှင့် ကျောက်ထရံတို့ကို မွမ်းမံစရာဖို့ ငွေစင်ခုနစ်သောင်းကို ငါ၏ဘုရားသခင်အိမ်တော်အဖို့ ငါပေး၏။
29:5 ရွှေသည် ရွှေတန်ဆာအဖို့၊ ငွေသည် ငွေတန်ဆာအဖို့နှင့် ဆရာသမားလုပ်သမျှအဖို့ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ ထာဝရဘုရားအား ကိုယ်ဥစ္စာကို အဘယ်သူပူဇော်ချင်သနည်းဟု ပရိသတ်အပေါင်းတို့အား မေးတော်မူလျှင်၊
29:6 အဆွေအမျိုးတို့၏ အကြီးအကဲများ၊ ဣသရေလအမျိုး အသီးအသီးတို့ကို အုပ်စိုးသောမင်းများ၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်များ၊ ရှင်ဘုရင်၏အမှုတော်ကို စီရင်သောသူများတို့သည် ကြည်ညိုသောစိတ်ရှိ၍၊
29:7 ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ ရွှေအခွက်ငါးသောင်းနှင့် ရွှေဒင်္ဂါးတစ်သောင်း၊ ငွေအခွက် တစ်သိန်း၊ ကြေးဝါအခွက် တစ်သိန်းရှစ်သောင်း၊ သံအခွက် တစ်သန်းကို လှူကြ၏။
29:8 ကျောက်မြတ်ရှိသော သူတို့သည်လည်း ဂေရရှုံအမျိုးသား ယေဟေလလက်ဖြင့် ထာဝရဘုရား၏ အိမ်တော်ဘဏ္ဍာထဲသို့ သွင်းကြ၏။
29:9 လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘောရှိ၍ ထာဝရဘုရားအား ပူဇော်သောကြောင့် ဝမ်းမြောက်ကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း အလွန်တရာဝမ်းမြောက်တော်မူ၏။
29:10 ထိုအခါ ဒါဝိဒ်က၊ အကျွန်ုပ်တို့အဘ ဣသရေလ၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။
29:11 အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထွဋ်၊ မြင့်မြတ်တော်မူ၏။
29:12 ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူးတော်ကြောင့်သာဖြစ်၏။ကိုယ်တော်သည် ခပ်သိမ်းသော သူတို့ကို အုပ်စိုးတော်မူ၏။ ခွန်အား အစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသောသူတို့အား ကြီးမြတ်သောအခွင့်နှင့် ခိုင်ခံ့သောအခွင့်ကို ပေးပိုင်တော်မူ၏။
29:13 သို့ဖြစ်၍ အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကျေးဇူးတော် ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည်ဝန်ခံ၍ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါ၏။
29:14 သို့ရာတွင် ကြည်ညိုသောစိတ်နှင့် ဤမျှလောက် ပူဇော်နိုင်အောင် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ၏။
29:15 အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာ နေရသောကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏။ မှီခိုရာမရှိပါ။
29:16 အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏နာမအဖို့ ကိုယ်တော်၏အိမ်ကို တည်ဆောက်ခြင်းအလိုငှာ၊ အကျွန်ုပ်တို့ ပြင်ဆင်သော ဤဘဏ္ဍာရှိသမျှသည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အလုံးစုံတို့ကို ကိုယ်တော်ပိုင်တော်မူ၏။
29:17 အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်၍ ဖြောင့်မတ်ခြင်းသဘောကို နှစ်သက်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော၊ ကြည်ညိုသောစိတ်ရှိသည်နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသော ကိုယ်တော်၏လူတို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်ကြသည်ကိုမြင်၍ ဝမ်းမြောက်ပါ၏။
29:18 အကျွန်ုပ်တို့ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ လူတို့သည် ဤအမှုအရာများကို၊ အစဉ်အောက်မေ့စွဲလမ်းသော စိတ်သဘောရှိမည်အကြောင်း၊ သူတို့စိတ်နှလုံးသည် ကိုယ်တော်ဘက်၌ တည်ကြည်မည်အကြောင်း ကယ်မသနားတော်မူပါ။
29:19 အကျွန်ုပ်၏သား ရှောလမုန်သည်လည်း ကိုယ်တော်၏ သက်သေခံချက်၊ ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက်၍၊ အကျွန်ုပ်ပြင်ဆင်သောအမှုကို အကုန်အစင်ပြီးစီးစေလျက်၊ ဗိမာန်တော်ကို တည်ဆောက်နိုင်မည်အကြောင်း၊ စုံလင်သော စိတ်နှလုံးကို ပေးသနားတော်မူပါဟု ပရိသတ်အပေါင်းတို့ရှေ့မှာ ထာဝရဘုရားကို ကောင်းချီးပေးလျက် မြွက်ဆို၏။
29:20 ပရိသတ်အပေါင်းတို့အားလည်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းချီးပေးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ ပရိသတ်အပေါင်းတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးပေးလျက်ဦးချ၍ ထာဝရဘုရားကိုလည်းကောင်း၊ ရှင်ဘုရင်ကိုလည်းကောင်းရှိခိုးကြ၏။
29:21 နက်ဖြန်နေ့၌လည်း ယဇ်ပူဇော်ခြင်းအမှုကိုပြု၍ နွားတစ်ထောင်၊ သိုးတစ်ထောင်၊ သိုးသငယ်တစ်ထောင်တို့ကို မီးရှို့သဖြင့်၊ သွန်းလောင်းရာ ပူဇော်သကာတို့နှင့်တကွ ဣသရေလအမျိုး တစ်မျိုးလုံးအတွက် ထာဝရဘုရားအား များစွာသောယဇ်ကို ပူဇော်ကြ၏။
29:22 ထိုနေ့ချင်းတွင် ထာဝရဘုရားရှေ့တော်၌ စားသောက်၍ ပျော်မွေ့ခြင်းကိုပြုလျက် ဒါဝိဒ်၏သားတော် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ဒုတိယအကြိမ်ချီးမြှောက်၍ ထာဝရဘုရားအောက်မှာ မင်းဖြစ်စေခြင်းငှာလည်းကောင်း၊ ဇာဒုတ်ကို ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှာလည်းကောင်း ဘိသိက်ပေးကြ၏။
29:23 ထိုအခါ ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်ကိုယ်စား ရှင်ဘုရင်အရာကိုခံ၍ ထာဝရဘုရား၏ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်လျက် ဘုန်းကြီးတော်မူ၏။ ဣသရေလအမျိုးသားအပေါင်းတို့သည် စကားတော်ကို နားထောင်ကြ၏။
29:24 မှူးတော်မတ်တော်၊ အရာကြီးသောသူ အပေါင်းတို့နှင့် ဒါဝိဒ်မင်းကြီး၏ သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီး၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။
29:25 ထာဝရဘုရားသည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ရှောလမုန်ကို အလွန်ချီးမြှောက်၍ ဣသရေလရှင်ဘုရင်တစ်ယောက်မျှ မခံစဖူးသော ဘုန်းအာနုဘော်တော်ကို ပေးသနားတော်မူ၏။
29:26 ယေရှဲ၏သား ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို အစိုးရသောမင်း ဖြစ်တော်မူ၏။
29:27 ဟေဗြုန်မြို့၌ ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံးဆယ်သုံးနှစ်မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံသောနှစ်ပေါင်းကား အနှစ်လေးဆယ်တည်း။
29:28 ဒါဝိဒ်သည် အသက်ကြီးရင့်၍ နေ့ရက်ကာလပြည့်စုံခြင်း၊ ဘုန်းစည်းစိမ်ကြွယ်ဝခြင်းရှိလျက် အနိစ္စရောက်၍ သားတော်ရှောလမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်လေ၏။
29:29 ဒါဝိဒ်မင်းကြီးပြုမူသော အမှုအရာ အစအဆုံးရှိသမျှ၊ အစိုးရခြင်း၊ တန်ခိုးကြီးခြင်းနှင့်တကွ၊
29:30 ကိုယ်တော်မှစ၍ ဣသရေလပြည်၊ အခြားတစ်ပါးသော တိုင်းပြည်များတို့၌ ဖြစ်လေသမျှသော အမှုအရာအလုံးစုံတို့သည် ပရောဖက်ရှမွေလ၏ကျမ်းစာ၊ ပရောဖက်နာသန်၏ကျမ်းစာ၊ ပရောဖက်ဂဒ်၏ ကျမ်းစာတို့၌ ရေးထားလျက်ရှိ၏။ ရာဇဝင်ချုပ်ပထမစောင်ပြီး၏။