2 Chronicles 1
1:1 ဒါဝိဒ်၏သားတော်ရှောလမုန်သည်၊ မိမိဘုရားသခင် ထာဝရဘုရားမစတော်မူခြင်း၊ အလွန်ချီးမြှောက်တော်မူခြင်း ကျေးဇူးကြောင့်၊ မိမိအာဏာတော်တည်ကြည်မြဲမြံသောအခါ၊
1:2 လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ တရားသူကြီး၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီး အစရှိသော ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်၍၊
1:3 တော၌ ထာဝရဘုရား၏ကျွန်မောရှေလုပ်ခဲ့သော ဘုရားသခင်၏ ပရိသတ်စည်းဝေးရာတဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ ရှိသည်ဖြစ်၍ ထိုအရပ်သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ၏။
1:4 ဘုရားသခင်၏သေတ္တာတော်ကိုကား ဒါဝိဒ်ပြင်ဆင်သောအရပ်၊ ယေရုရှလင်မြို့၌ ဆောက်နှင့်သောတဲသို့ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့သော်လည်း၊
1:5 ဟုရသားဖြစ်သော ဥရိ၏သား ဗေဇလေလ လုပ်ခဲ့သော ကြေးဝါယဇ်ပလ္လင်ကို ထာဝရဘုရား၏တဲတော်ရှေ့မှာထားသောကြောင့်၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။
1:6 ထိုသို့ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့၊ ထာဝရဘုရား ရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှောလမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကို ပူဇော်လေ၏။
1:7 ထိုညတွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ၏။
1:8 ရှောလမုန်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်အဘဒါဝိဒ်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ အဘအရာ၌လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ။
1:9 ယခုမှာ အိုထာဝရအရှင် ဘုရားသခင်၊ မြေမှုန့်များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသောလူတို့၏ ရှင်ဘုရင်အရာ၌ အကျွန်ုပ်ကို ချီးမြှောက်တော်မူသောကြောင့် အဘဒါဝိဒ်၌ထားသော ကတိတော်ကို တည်စေတော်မူပါ။
1:10 အကျွန်ုပ်သည် ဤလူတို့ရှေ့မှာ ထွက်ဝင်နိုင်မည်အကြောင်း ဉာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။
1:11 ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက်မေ့၍ စည်းစိမ်ဥစ္စာ ဂုဏ်အသရေကိုမတောင်း၊ ရန်သူတို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သောအသက်ကိုလည်း မတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏လူမျိုးကို တရားစီရင်ခြင်းငှာ တတ်နိုင်သော ဉာဏ်ပညာကိုသာ ကိုယ်အဖို့တောင်းသောကြောင့်၊
1:12 ဉာဏ်ပညာကို ငါပေး၏။ ထိုမှတစ်ပါး သင့်ရှေ့မှာဖြစ်ဖူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတ္တံ့သော ရှင်ဘုရင်တစ်ယောက်မျှ မမီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
1:13 ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ရှိသော ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှသည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ၏။
1:14 ထိုနောက် ရှောလမုန်သည် ရထားများ၊ မြင်းစီးသူရဲများကို ဆည်းပူး၍၊ ရထား တစ်ထောင်နှင့်လေးရာ၊ မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌လည်းကောင်း၊ ယေရုရှလင်မြို့ အထံတော်၌လည်းကောင်း ထား၏။
1:15 ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့လည်းကောင်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့လည်းကောင်း များပြားစေ၏။
1:16 ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှ ဆောင်ခဲ့ရ၏။ ရှင်ဘုရင်ကုန်သည်တို့သည် အဖိုးပေးလျက်၊ ကောမြို့၌ ခံယူရကြ၏။
1:17 အဲဂုတ္တုပြည်မှ ရထားတစ်ခုကို ငွေခြောက်ပိဿာနှင့်လည်းကောင်း၊ မြင်းတစ်စီးကို တစ်ပိဿာငါးဆယ်နှင့်လည်းကောင်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့်၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။