Library · my

2 Chronicles 2

2:1 ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​ကို​လည်း​ကောင်း၊ နန်း​တော်​ကို​လည်း​ကောင်း တည်​ဆောက်​ခြင်း​ငှာ အ​ကြံ​ရှိ၍၊ 2:2 ထမ်း​ရွက်​သော​သူ ခု​နစ်​သောင်း၊ တောင်​ရိုး​ပေါ်​မှာ သစ်​ခုတ်​သော​သူ ရှစ်​သောင်း၊ ကြည့်​ရှု​စီ​ရင်​ရ​သော​သူ သုံး​ထောင်​ခြောက်​ရာ​တို့​ကို ခွဲ​ခန့်​ပြီး​မှ၊ 2:3 တု​ရု​မင်း​ကြီး​ဟိ​ရံ​ထံ​သို့ စေ​လွှတ်၍၊ မင်း​ကြီး​သည် ငါ့​အ​ဘ​ဒါ​ဝိဒ်၏ နန်း​တော်​ဆောက်​စ​ရာ​ဖို့ အာ​ရဇ်​သစ်​သား​ကို ပေး​လိုက်​သည်​နည်း​တူ ငါ၌​တစ်​ဖန် ကျေး​ဇူး​ပြု​ပါ​လော့။ 2:4 ဣ​သ​ရေ​လ​အ​မျိုး​သည် အ​စဉ်​ကျင့်​ရ​သော တ​ရား​အ​တိုင်း ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ​လည်း​ကောင်း၊ ရှေ့​တော်​မုန့်​ကို အ​စဉ်​တင်​ခြင်း​ငှာ​လည်း​ကောင်း၊ ညဥ့်​ဦး၊ နံ​နက်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဓ​မ္မ​ပွဲ​နေ့​တို့၌ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်၍ ပူ​ဇော်​ရ​မည်။ 2:5 ငါ​တည်​ဆောက်​ရ​သော အိမ်​တော်​သည် ကြီး​ရ​မည်။ ငါ​တို့​ဘု​ရား​သ​ခင်​သည် ဘု​ရား​တ​ကာ​တို့​ထက် ကြီး​မြတ်​တော်​မူ၏။ 2:6 ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အ​ထွဋ်​အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ ကျိန်း​ဝပ်​တော်​မူ​ရာ​အိမ်​ကို အ​ဘယ်​သူ တည်​ဆောက်​နိုင်​မည်​နည်း။ ရှေ့​တော်၌​ယဇ်​ကို မီး​ရှို့​ရာ​အိမ်​မှ​တစ်​ပါး အ​ခြား​သော​အိမ်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ ငါ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း။ 2:7 ယ​ခု​မှာ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပြာ​သော​အ​ထည်​ကို လုပ်​တတ်​သော​အ​တတ်၊ ငါ့​အ​ဘ​ဒါ​ဝိဒ်​ပြင်​ဆင်၍ ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​ပြည်၌ ငါ့​ထံ​မှာ​ရှိ​သော ဆ​ရာ​သ​မား​တို့​နှင့် ဝိုင်း၍ ထု​လုပ်​တတ်​သော အ​တတ်​နှင့်​ပြည့်​စုံ​သော သူ​တစ်​ယောက်​ကို ငါ့​ထံ​သို့​စေ​လွှတ်​ပါ။ 2:8 အာ​ရဇ်​သစ်​သား၊ ထင်း​ရှူး​သစ်​သား၊ အာ​လ​ဂုံ​သစ်​သား​များ​ကို လေ​ဗ​နုန်​တောင်​မှာ ခုတ်၍​ပေး​လိုက်​ပါ။ မင်း​ကြီး၏ ကျွန်​တို့​သည် လေ​ဗ​နုန်​တောင်​ပေါ်​မှာ သစ်​ခုတ်​တတ်​သည်​ကို ငါ​သိ၏။ 2:9 သစ်​သား​အ​များ​ကို ပြင်​ဆင်​ခြင်း​ငှာ၊ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့် ဝိုင်း၍ လုပ်​ကိုင်​ကြ​လိမ့်​မည်။ ငါ​တည်​ဆောက်​ရ​သော အိမ်​တော်​သည် အ​လွန်​ကြီး၍ အံ့​ဩ​ဖွယ်​သော​အိမ်​ဖြစ်​ရ​မည်။ 2:10 သစ်​ခုတ်​သော မင်း​ကြီး​ကျွန်​တို့​အား ဂျုံ​ဆန် ကော​ရ​နှစ်​သောင်း၊ မု​ယော​ဆန် နှစ်​သောင်း၊ စ​ပျစ်​ရည် ဗတ်​နှစ်​သောင်း၊ ဆီ နှစ်​သောင်း​ကို ငါ​ပေး​မည်​ဟု မှာ​လိုက်​လေ၏။ 2:11 တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် စာ​ရေး၍ ရှော​လ​မုန်​ထံ​သို့ ပြန်​ပေး​လိုက်​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို ချစ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကို သူ​တို့​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​တော်​မူ​ပြီ။ 2:12 ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ နန်း​တော်​ကို​လည်း​ကောင်း၊ တည်​ဆောက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​အောင် ဉာဏ်​ကောင်း၍ ပ​ညာ​သ​တိ​နှင့် ပြည့်​စုံ​သော​သား​ကို ဒါ​ဝိဒ်​မင်း​ကြီး​အား​ပေး​တော်​မူ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ 2:13 ယ​ခု​မှာ​ဉာဏ်​ကောင်း၍ လိ​မ္မာ​သော​သူ ဟိ​ရံ​အ​ဘိ​ကို ငါ​စေ​လွှတ်​ပါ၏။ 2:14 သူ့​အ​မိ​ကား ဒန်​အ​မျိုး​သ​မီး၊ အ​ဘ​ကား တု​ရု​အ​မျိုး​သား ဖြစ်၏။ သူ​သည် ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ ကျောက်၊ သစ်​သား၊ မောင်း​သော​အ​ထည်၊ ပြာ​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို လုပ်​တတ်​သော​အ​တတ်၊ အ​မျိုး​မျိုး​ထု​လုပ်​တတ်​သော အ​တတ်​နှင့်​ပြည့်​စုံ၍၊ ကိုယ်​တော်၏​ဆ​ရာ​သ​မား၊ ခ​မည်း​တော်​အ​ရှင်​ဒါ​ဝိဒ်၏ ဆ​ရာ​သ​မား​တို့​နှင့် ဝိုင်း​လျက်၊ လို​သ​မျှ​ကို ဉာဏ်​ရှာ၍ လုပ်​တတ်​သော​သူ ဖြစ်၏။ 2:15 သို့​ဖြစ်၍ ကိုယ်​တော်​အ​မိန့်​ရှိ​သည်​အ​တိုင်း၊ ဂျုံ​ဆန်၊ မု​ယော​ဆန်၊ စ​ပျစ်​ရည်၊ ဆီ​ကို ကိုယ်​တော်​ကျွန်​တို့​အား ပေး​ပါ​တော့။ 2:16 ငါ​တို့​သည် ကိုယ်​တော်​လို​ချင်​သ​မျှ​သော သစ်​သား​ကို၊ လေ​ဗ​နုန်​တောင်​ပေါ်​မှာ ခုတ်​ပြီး​လျှင် ဖောင်​လုပ်၍ ပင်​လယ်​လမ်း​ဖြင့်၊ ယု​ပ္ပေ​မြို့​သို့ ဆောင်​ခဲ့​ပါ​မည်။ ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သယ်​ပို့​ရ​မည်​ဟု ပြန်​ပြော၏။ 2:17 ခ​မည်း​တော်​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ၌​နေ​သော တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​ကို စာ​ရင်း​ယူ​ပြီး​သည်​နောက်၊ တစ်​ဖန် ရှော​လ​မုန်​သည် စာ​ရင်း​ယူ​ပြန်၍၊ တစ်​သိန်း​ငါး​သောင်း သုံး​ထောင်​ခြောက်​ရာ​တို့​ကို တွေ့၏။ 2:18 ထမ်း​သော​သူ ခု​နစ်​သောင်း၊ တောင်​ပေါ်​မှာ သစ်​ခုတ်​သော​သူ ရှစ်​သောင်း၊ အ​မှု​ကို​ကြည့်​ရှု​စီ​ရင်​သော​သူ သုံး​ထောင်​ခြောက်​ရာ​တို့​ကို ခွဲ​ထား​တော်​မူ၏။