2 Chronicles 11
11:1 ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍၊ နိုင်ငံတော်ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှာ၊ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ်သောစစ်သူရဲ တစ်သိန်းရှစ်သောင်းတို့ကို စုဝေးစေ၏။
11:2 သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူ ရှေမာယသို့ရောက်၍၊
11:3 သင်သည် ရှောလမုန်သား ယုဒရှင်ဘုရင်ရောဗောင်နှင့် ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်၌ရှိသော ဣသရေလလူ အပေါင်းတို့အား ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
11:4 သင်တို့ညီအစ်ကိုတို့ကို စစ်တိုက်ခြင်းငှာ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုကိုငါစီရင်ပြီဟု မိန့်တော်မူသော ထာဝရဘုရား၏ စကားတော်ကို နားထောင်၍၊ ယေရောဗောင်ကို စစ်မချီ၊ ပြန်သွားကြ၏။
11:5 ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို ပြုစုရာတွင်၊
11:6 ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊
11:7 ဗက်ဇုရမြို့၊ ရှောကောမြို့၊ အဒုလံမြို့၊
11:8 ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊
11:9 အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊
11:10 ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့တည်းဟူသော ယုဒခရိုင်နှင့် ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သောမြို့တို့ကို ပြုစုလေ၏။
11:11 ရဲတိုက်များကိုလည်းခိုင်ခံ့စေ၍၊ အကြီးအကဲနှင့်တကွ ဆီ၊ စပျစ်ရည်များ၊ ရိက္ခာများကို သိုထားလေ၏။
11:12 ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသည် အမှုတော်ကိုထမ်းရွက်သောကြောင့်၊ မြို့အသီးအသီးတို့၌ ဒိုင်းလွှားလှံလက်နက်များကို ထား၍ အလွန်ခိုင်ခံ့စေ၏။
11:13 ဣသရေလပြည် အရပ်ရပ်၌ရှိသော ယဇ်ပုရောဟိတ် လေဝိသားတို့သည်၊ မိမိတို့နေရာမှ အထံတော်သို့ လာကြ၏။
11:14 လေဝိသားတို့သည်၊ မိမိတို့နေရာဖြစ်သော ပိုင်ထိုက်ရာအရပ်ကို စွန့်၍၊ ယုဒပြည်ယေရုရှင်မြို့သို့ ရောက်လာသောအကြောင်းဟူမူကား၊ ယေရောဗောင်နှင့် သူ၏သားတို့သည်၊ လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို စောင့်ရသောအရာမှချ၍၊
11:15 မြင့်သောအရပ်၊ နတ်ဆိုး၊ မိမိလုပ်သော နွားသငယ်တို့အဖို့၊ ယဇ်ပုရောဟိတ်တို့ကို ခန့်ထားသတည်း။
11:16 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှာ၊ သဘောချသောသူတို့သည်လည်း၊ ဣသရေလခရိုင်များထဲက ထွက်၍၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်အံ့သောငှာ၊ လေဝိသားတို့နောက်သို့ လိုက်၍၊ ယေရုရှလင်မြို့သို့ ရောက်လာကြ၏။
11:17 ထိုသို့သူတို့သည် ယုဒနိုင်ငံကို အားပေး၍ ရှောလမုန်သားရောဗောင်ကို သုံးနှစ်ပတ်လုံး ခိုင်ခံ့စေကြ၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း၊ ရှောလမုန်လမ်းသို့ လိုက်ကြ၏။
11:18 ရောဗောင်သည်လည်း ဒါဝိဒ်သား ယေရိမုတ်သမီး မဟာလတ်၊ ယေရှဲသား ဧလျာဘသမီး အဘိဟဲလနှင့် စုံဖက်၍၊
11:19 ယုရှ၊ ရှမာရိ၊ ဇာဟံ၊ သားသုံးယောက်တို့ကို မြင်ရ၏။
11:20 ထိုနောက်၊ အဗရှလုံသမီး မာခါနှင့်စုံဖက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလောမိတ်တို့ကို မြင်ရ၏။
11:21 ရောဗောင်သည် ခင်ပွန်း တစ်ဆယ်ရှစ်ယောက်၊ မောင်းမမိဿံ ခြောက်ဆယ်တို့ကိုသိမ်းယူ၍၊ သားနှစ်ဆယ်ရှစ်ယောက်၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင်၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမမိဿံအပေါင်းတို့ထက် သာ၍ချစ်သောကြောင့်၊
11:22 မာခါ၏သား အဘိယကို ရှင်ဘုရင်အရာ၌ ခန့်ထားမည်အကြံရှိ၍၊ ညီအစ်ကိုတို့တွင်၊ အကြီးဆုံးဖြစ်စေခြင်းငှာ ချီးမြှောက်လေ၏။
11:23 ပညာသတိနှင့်စီရင်၍၊ ယုဒခရိုင်နှင့် ဗင်္ယာမိန်ခရိုင် အရပ်ရပ်တို့တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ မိမိသားတို့ကို အနှံ့အပြားနေရာချ၍၊ များစွာသောရိက္ခာကို သိုထား၏။ မယားအများတို့ကို အလိုရှိ၏။