2 Chronicles 12
12:1 ရောဗောင်မင်းသည် မိမိနိုင်ငံကိုတည်စေ၍ အားကြီးသောအခါ၊ ဣသရေလအမျိုး ရှိသမျှနှင့်တကွ ထာဝရဘုရား၏ တရားတော်ကို စွန့်၍၊
12:2 ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရောဗောင်မင်းကြီး နန်းစံငါးနှစ်တွင်၊
12:3 အဲဂုတ္တုရှင်ဘုရင်ရှိရှက်သည် ရထားတစ်ထောင်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်း၊ မရေတွက်နိုင်သော အဲဂုတ္တုပြည်သားများ၊ လိဗုပြည်သား၊ သုကိပြည်သား၊ အဲသယောပိပြည်သားတို့နှင့်တကွ၊ ယေရုရှလင်မြို့သို့ စစ်ချီ၍၊
12:4 ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။
12:5 ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော်ကို ဆင့်ဆိုလျှင်၊
12:6 ရှင်ဘုရင်နှင့် ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ်တော်မူသည်ဟု ဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။
12:7 ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ်သော ချမ်းသာကိုပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင်မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ။
12:8 သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တစ်ပါးအမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍သိစေခြင်ငှာ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်ဟု မိန့်တော်မူ၏။
12:9 အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ရောက်၍၊ ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကိုလည်း ယူသွား၏။
12:10 ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါဒိုင်းတို့ကိုလုပ်၍၊ နန်းတော်တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။
12:11 ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက်တစ်ဖန် မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ၏။
12:12 ထိုသို့ရှင်ဘုရင်သည် ကိုယ်ကိုနှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊
12:13 ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကိုခိုင်ခံ့စေ၍ စိုးစံသေး၏။ ရောဗောင်သည် နန်းထိုင်သောအခါ အသက်လေးဆယ်တစ်နှစ် ရှိ၏။ ထာဝရဘုရားသည် နာမတော်တည်စရာဖို့၊ ဣသရေလ ခရိုင်များတို့အထဲက ရွေးကောက်သာ ယေရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ် စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။
12:14 ထာဝရဘုရားကို ရှာလိုသောငှာ၊ မိမိသဘော မချသောကြောင့်၊ ဒုစရိုက်အမှုကိုပြု၏။
12:15 ရောဗောင်ပြုမူသော အမှုအရာ အစအဆုံးတို့သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက်ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
12:16 ရောဗောင်သည်လည်း၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။