2 Chronicles 22
22:1 အာရပ်လူတို့နှင့်လိုက်လာသော တပ်သားတို့သည် တပ်ထဲသို့ဝင်၍၊ ယုဒရှင်ဘုရင် ယဟောရံ၏ သားတော်အကြီးရှိသမျှတို့ကို သတ်သောကြောင့်၊ ယေရုရှလင်မြို့သားတို့သည် သားထွေးအာခဇိကို ခမည်းတော်အရာ၌ချီးမြှောက်၍၊
22:2 အာခဇိသည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဩမရိမြေးအာသလိ အမည်ရှိ၏။
22:3 မယ်တော်သည် မကောင်းသောအကြံကို ပေးသောကြောင့်၊ ထိုမင်းသည် အာဟပ်အမျိုးလိုက်ရာ လမ်းသို့လိုက်၍၊
22:4 အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော်သေသောနောက်၊ အာဟပ်အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှာ မကောင်းသောအကြံကို ပေးကြ၏။
22:5 အာခဇိသည် သူတို့စကားကိုနားထောင်သဖြင့်၊ ဣသရေလရှင် ဘုရင်အာဟပ်သား ယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့စစ်ချီ၍၊ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်ရာတွင်၊ ရှုရိလူတို့သည်ယောရံကို ထိခိုက်ကြ၏။
22:6 ထိုသို့ရာမုတ်မြို့၌ ရှုရိရှင်ဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှာ၊ ယောရံသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှာ ထိုမြို့သို့ ဆင်းသွားလေ၏။
22:7 ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ အာခဇိသည် ယောရံထံသို့ရောက်သောအားဖြင့်၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အာဟပ်အမျိုးကို သုတ်သင်ပယ်ရှင်းစေခြင်းငှာ၊ ထာဝရဘုရား ဘိသိက်ပေးတော်မူသောနိမ်ရှိသားယေဟုကို ဆီးကြိုခြင်းငှာ၊ ယောရံနှင့် အာခဇိတို့သည် ထွက်သွား၏။
22:8 ယေဟုသည် အာဟပ်အမျိုးကို တရားစီရင်သောအခါ၊ ယုဒမှူးမတ်တို့ကိုလည်းကောင်း၊ အာခဇိမင်း၌ ခစားသော နောင်တော်၏သားတို့ကိုလည်းကောင်း၊ တွေ့၍သတ်လေ၏။
22:9 ရှမာရိပြည်၌ ပုန်းလျက်နေသော အာခဇိကိုရှာ၍ ဖမ်းမိသောအခါ၊ ယေဟုထံသို့ဆောင်ခဲ့ပြီးမှ သတ်၍ သင်္ဂြိုဟ်ကြ၏။ အကြောင်းမူကား၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှဖတ်၏အမျိုးဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှာ မတတ်နိုင်။
22:10 အာခဇိ၏မယ်တော်အာသလိသည် မိမိသားသေကြောင်းကို သိမြင်သော်၊ ထ၍ယုဒပြည်၏ဆွေတော်မျိုးတော်အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
22:11 သို့ရာတွင်၊ ရှင်ဘုရင်သမီး ယောရှေဘသည်၊ အာခဇိ၏သား ယောရှကိုအသေခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ်ပုရောဟိတ်ယောယဒ၏မယားဖြစ်သော အာခဇိ၏နှမယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှာဝှက်ထားသဖြင့်၊
22:12 ခြောက်နှစ်ပတ်လုံး ယောရှသည် သူတို့နှင့်အတူ၊ ဗိမာန်တော်၌ ပုန်းရှောင်လျက်နေ၍ အာသလိသည် စိုးစံလေ၏။