2 Chronicles 21
21:1 ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
21:2 ယုဒရှင်ဘုရင် ယောရှဖတ်သား၊ ယဟောရံညီဟူမူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။
21:3 ခမည်းတော်သည် များစွာသော ရွှေငွေဥစ္စာ ရတနာနှင့်တကွ ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို သူတို့အားပေး၏။ နိုင်ငံကိုကား၊ သားဦးယဟောရံအား ပေး၏။
21:4 ယဟောရံသည် ခမည်းတော်နိုင်ငံ၌ တည်သောအခါ၊ ကိုယ်ကိုခိုင်ခံ့စေ၍၊ ညီတော်အပေါင်းတို့ကိုလည်းကောင်း၊ ဣသရေလမှူးတော် မတ်တော်တချို့တို့ကိုလည်းကောင်း၊ ဓားနှင့်သတ်လေ၏။
21:5 ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံလေ၏။
21:6 အာဟပ်သမီးနှင့် စုံဖက်သဖြင့်၊ ဣသရေလရှင်ဘုရင်တို့လိုက်ရာလမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
21:7 သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိတော်ရှိ၍၊ ဒါဝိဒ်နှင့် ပဋိညာဉ်ဖွဲ့တော်မူသောကြောင့်၊ သူ၏အမျိုးကို မဖျက်ဆီးဘဲ ထားတော်မူ၏။
21:8 ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
21:9 ယဟောရံမင်းသည် မှူးမတ်များ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ညအခါ ဝိုင်းသောဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံလေ၏။
21:10 သို့သော်လည်း၊ ဧဒုံပြည်သားတို့သည် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်ကြ၏။ ထိုကာလ၌၊ လိဗနပြည်သည်လည်း ပုန်ကန်၏။ အကြောင်းမူကား၊ ယဟောရံသည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊
21:11 ယုဒတောင်တို့အပေါ်မှာ၊ မြင့်သောအရပ်တို့ကို တည်လုပ်သဖြင့်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် တစ်ပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည်အကြောင်း၊ အနိုင်အထက်ပြုသတည်း။
21:12 ပရောဖက်ဧလိယပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသလမ်းသို့မလိုက်၊
21:13 ဣသရေလရှင်ဘုရင်တို့ လမ်းသို့ လိုက်သောကြောင့်လည်းကောင်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တစ်ပါးအမျိုးသားတို့၏ဘုရားနှင့် မှားယွင်းရမည် အကြောင်း ပြုသောကြောင့်လည်းကောင်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ်သောကြောင့်လည်းကောင်း၊
21:14 ထာဝရဘုရားသည် သင်၏လူများ၊ သင်၏သားမယားများ၊ သင်၏ဥစ္စာရှိသမျှကို ကြီးစွာသောဘေးဖြင့် ဒဏ်ခတ်တော်မူမည်။
21:15 သင့်အူသည် တစ်နေ့ထက်တစ်နေ့ထွက်အောင်၊ ဝမ်းထဲ၌ ပြင်းစွာသောအနာရောဂါ စွဲလိမ့်မည်ဟု စာ၌ပါသတည်း။
21:16 ထိုနောက်မှ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို၊ ယဟောရံမင်းတစ်ဖက် နှိုးဆော်တော်မူသဖြင့်၊
21:17 သူတို့သည် ယုဒပြည်သို့ချီလာ၍ လုပ်ကြံကြ၏။ နန်းတော်၌တွေ့သမျှသော ဥစ္စာများနှင့် ရှင်ဘုရင်၏သားမယားများတို့ကို သိမ်းသွားကြသဖြင့်၊ အထွေးဆုံးသောသား အာခဇိမှတစ်ပါး၊ တစ်ယောက်မျှ မကျန်ကြွင်း။
21:18 နောက်တစ်ဖန် မပျောက်နိုင်သောဝမ်းနာဖြင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူ၏။
21:19 ရှင်ဘုရင်သည် တာရှည်စွာနာ၍၊ နှစ်နှစ်စေ့သောအခါ၊ အနာပြင်းထန်သောကြောင့်၊ အူထွက်၍ အသက်ချုပ်လေ၏။ ပြည်သားတို့သည် ဘိုးတော်ဘေးတော်တို့အဖို့ မီးရှို့ခြင်းကိုပြုသကဲ့သို့၊ ထိုမင်းအဖို့မပြု။
21:20 ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံပြီးမှ၊ အဘယ်သူမျှမနှမြောဘဲ သေသွား၏။ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။