2 Chronicles 26
26:1 ယုဒပြည်သူပြည်သားအပေါင်းတို့သည်၊ အသက်တစ်ဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော် အာမဇိအရာ၌ နန်းတင်ကြ၏။
26:2 ထိုမင်းသည် ခမည်းတော်သေသောနောက်၊ ဧလုတ်မြို့ကိုပြုစု၍ ယုဒနိုင်ငံထဲသို့ သွင်းပြန်၏။
26:3 ဩဇိသည် အသက်တစ်ဆယ်ခြောက်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယေခေါလိအမည်ရှိ၏။
26:4 ထိုမင်းသည် ခမည်းတော်အာမဇိ ပြုသမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။
26:5 ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံကို နားလည်သော ဇာခရိလက်ထက်၌၊ ဩဇိမင်းသည် ဘုရားသခင်ကို ဆည်းကပ်၏။ ထာဝရဘုရားကို ဆည်းကပ်သောကာလပတ်လုံး၊ ဘုရားသခင်သည် အကြံထမြောက်ရသောအခွင့်ကို ပေးတော်မူ၏။
26:6 ထိုမင်းသည် စစ်ချီ၍ ဖိလိတ္တိလူတို့ကို တိုက်သဖြင့်၊ ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်ပြီးမှ၊ အာဇုတ်မြို့ပတ်လည်၊ ဖိလိတ္တိပြည်အရပ်ရပ်၌ မြို့သစ်တို့ကို တည်ထောင်လေ၏။
26:7 ဘုရားသခင်သည် ဖိလိတ္တိလူ၊ ဂုရဗာလမြို့မှာ နေသောအာရပ်လူ၊ မဟုနိမ်လူတို့တစ်ဖက်၌ သူ့ကိုမစတော်မူ၏။
26:8 အမ္မုန်အမျိုးသားတို့သည်လည်း၊ ဩဇိမင်းအား လက်ဆောင်ပဏ္ဍာတို့ကို ဆက်ကြ၏။ သူသည် အလွန် ကိုယ်ကိုခိုင်ခံ့စေသဖြင့်၊ သတင်းတော်သည် အဲဂုတ္တုပြည်တိုင်အောင် ကျော်စောလေ၏။
26:9 ဩဇိမင်းသည် ယေရုရှလင်မြို့ထောင့်တံခါး၊ ချိုင့်တံခါး၊ မြို့ရိုးကွေ့တံခါး၌ ရဲတိုက်တို့ကို တည်၍ခိုင်ခံ့စေ၏။
26:10 တော၌လည်း ရဲတိုက်တို့ကို တည်၏။ ရေတွင်းများကိုလည်း တူး၏။ ချိုင့်ဝှမ်းရာအရပ်နှင့် မြေညီရာအရပ်၌ များစွာသော သိုးနွားတို့ကို ဆည်းပူး၍ တောင်အရပ်၊ မြေကောင်းသောအရပ်၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့သောအမှုများကို ဝါသနာရှိ၏။
26:11 ဩဇိမင်း၌ တပ်စာရေးယေယေလနှင့် တပ်အုပ်မာသေယတို့သည် စာရင်းယူသည်အတိုင်း၊ ရှင်ဘုရင်၏ ဗိုလ်မင်းဟာနနိသည် စီရင်၍၊ အသီးအသီးတပ်ဖွဲ့သော စစ်သူရဲဗိုလ်ခြေများရှိကြ၏။
26:12 ထိုသို့ ခွန်အားကြီးသော သူရဲအဆွေအမျိုးအလိုက် အကြီးအကဲ လုပ်သောသူပေါင်းကား၊ နှစ်ထောင်ခြောက်ရာတည်း။
26:13 ထိုသို့ အကြီးအကဲလုပ်သောသူ၊ ရန်သူတစ်ဖက်၌ ရှင်ဘုရင်ကို ထောက်မခြင်းငှာ၊ ကြီးသောခွန်အားနှင့် စစ်တိုက်သောသူရဲပေါင်းကား၊ သုံးသိန်းခုနစ်ထောင်ငါးရာတည်း။
26:14 ဩဇိမင်းသည်လည်း၊ ဗိုလ်ခြေအပေါင်းတို့အဖို့ ဒိုင်းလွှား၊ လှံ၊ သံခမောက်လုံး၊ သံချပ်၊ လေး၊ ကျောက်နှင့် ပစ်စရာလောက်လွှဲတို့ကို ပြင်ဆင်လေ၏။
26:15 လိမ္မာသောသူတို့သည် ဉာဏ်ရှာ၍လုပ်သော ယန္တရားစက်တို့ကိုလည်း၊ ယေရုရှလင်မြို့ရဲတိုက်၊ မြို့ပြအိုးအပေါ်က မြားနှင့် ကျောက်ကြီးကို ပစ်စရာဖို့ ပြင်ဆင်လေ၏။ ထိုသို့ တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကို ခံရသည်ဖြစ်၍၊ သတင်းတော်သည် အနှံ့အပြားကျော်စော၏။
26:16 ဩဇိမင်းသည် တန်ခိုးကြီးသောအခါ၊ ကိုယ်အကျိုးနည်းအောင် ထောင်လွှားသောစိတ်ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှာ၊ ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ ဝင်လေ၏။
26:17 ယဇ်ပုရောဟိတ်အာဇရိသည် ရဲရင့်ခြင်းသတ္တိရှိသော ထာဝရဘုရား၏အမှုတော်ထမ်း ယဇ်ပုရောဟိတ် ရှစ်ကျိပ်တို့နှင့်တကွ၊ ရှင်ဘုရင်ဩဇိနောက်တော်သို့လိုက်၍၊
26:18 ဆီးတားသဖြင့်၊ အိုဩဇိမင်း၊ ကိုယ်တော်သည် ထာဝရဘုရားအား နံ့သာပေါင်းကို မီးရှို့ခြင်းအမှုနှင့် မဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့စေခြင်းငှာ၊ ခန့်ထားသော အာရုန်သားယဇ်ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်းရာဌာနထဲက ထွက်သွားလော့။ ကိုယ်တော်သည် ပြစ်မှားပြီ။ ထာဝရအရှင် ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော်အသရေပျက်လိမ့်မည်ဟု ဆိုကြလျှင်၊
26:19 ဩဇိမင်းသည် ဒေါသစိတ်ရှိ၍၊ နံ့သာပေါင်းကို မီးရှို့ခြင်းငှာ၊ လင်ပန်းကိုကိုင်လျက်၊ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်လျှင်၊ ဗိမာန်တော်တွင် နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်၏အနား၊ ယဇ်ပုရောဟိတ်တို့ရှေ့မှာ၊ နူနာသည် ရှင်ဘုရင်နဖူး၌ ပေါ်လေ၏။
26:20 ယဇ်ပုရောဟိတ်မင်းနှင့် ယဇ်ပုရောဟိတ်အပေါင်းတို့သည် ကြည့်ရှု၍၊ နဖူးတော်၌ နူနာစွဲသည်ကိုမြင်လျှင်၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင်ကိုယ်တိုင်လည်း၊ ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့်၊ အလျင်အမြန်ထွက်လေ၏။
26:21 ထိုသို့ ဩဇိမင်းကြီးသည် သေသည်တိုင်အောင် နူနာစွဲ၍၊ ခြားနားသောနန်း၌ နေရ၏။ ဗိမာန်တော်သို့ ဝင်သောအခွင့်ကို မရ။ သားတော်ယောသံသည် နန်းတော်ကိုအုပ်စိုး၍ နိုင်ငံတော်မှုကိုစီရင်ရ၏။
26:22 ဩဇိပြုမူသောအမှုအရာ ကြွင်းလေသမျှ အစအဆုံးတို့ကို၊ အာမုတ်သား ပရောဖက်ဟေရှာယသည် ရေးထားလေ၏။
26:23 ဩဇိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း၊ လူနူဖြစ်သောကြောင့်၊ ရှင်ဘုရင်တို့ သင်္ချိုင်းနှင့်ဆိုင်သော မြေအကွက်၌သာ သင်္ဂြိုဟ်ကြ၏။ သားတော်ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။