2 Chronicles 27
27:1 ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်ခြောက်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။
27:2 ထိုမင်းသည် ခမည်းတော်ဩဇိကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ သို့ရာတွင် ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ မဝင်။ ပြည်သူပြည်သားတို့သည် မတရားသဖြင့် ပြုကြသေး၏။
27:3 ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကို လုပ်၍၊ ဩဖေလမြို့ရိုးကို အလွန်ခိုင်ခံ့စေ၏။
27:4 ယုဒတောင်ရိုးပေါ်မှာ မြို့များကိုလည်းကောင်း၊ တော၌ ရဲတိုက်များနှင့် ပြအိုးများကိုလည်းကောင်း တည်ထောင်လေ၏။
27:5 အမ္မုန်ရှင်ဘုရင်ကိုလည်း စစ်တိုက်၍နိုင်သဖြင့်၊ နိုင်သောနှစ်တွင် အမ္မုန်သားတို့သည် ငွေအခွက်တစ်ထောင်၊ ဂျုံကောရတစ်သောင်း၊ မုယောတစ်သောင်းကိုပေးရကြ၏။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ထိုအတူ ပေးရကြ၏။
27:6 ထိုသို့ ယောသံသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွားသတည်း။
27:7 ယောသံပြုမူသောအမှုအရာ ကြွင်းလေသမျှ၊ စစ်တိုက်ခြင်း၊ အကျင့်ကျင့်ခြင်းအမှုအရာ အလုံးစုံတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
27:8 ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။