2 Chronicles 31
31:1 ထိုအမှု လက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား၍ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သောအရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမီတိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးအသီး ပိုင်ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။
31:2 ယဇ်ပုရောဟိတ် လေဝိသားတို့သည်၊ အသီးအသီးစောင့်ရသောအမှုကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကို စောင့်ခြင်း၊ ကျေးဇူးတော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှာ၊ ဟေဇကိခန့်ထားတော်မူ၏။
31:3 ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည်အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဥ့်ဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဖို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတစ်ဖို့ကို ထုတ်၍လှူတော်မူ၏။
31:4 ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရဘုရား၏တရားကို ကြိုးစား၍ သွန်သင်စေခြင်းငှာ၊ ယေရုရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတစ်ဖို့ကို လှူရမည်အကြောင်း မိန့်တော်မူ၏။
31:5 ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိသော မြေအသီးအနှံကိုလည်းကောင်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း များစွာဆောင်ခဲ့ကြ၏။
31:6 ယုဒမြို့တို့၌နေသော ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည်လည်း၊ သိုးနွား ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ သူတို့၏ ဘုရားသခင်ထာဝရဘုရားအားပူဇော်၍ သန့်ရှင်းသောဥစ္စာ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း ဆောင်ခဲ့၍ အသီးအသီး ပုံထားကြ၏။
31:7 တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။
31:8 ပုံထားသောဥစ္စာကို၊ ဟေဇကိနှင့် မှူးမတ်တို့သည် လာ၍မြင်သောအခါ၊ ထာဝရဘုရားနှင့် ဘုရားသခင်၏လူ ဣသရေလအမျိုးကို ကောင်းချီးပေးကြ၏။
31:9 ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိသည် ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌မေးမြန်းလျှင်၊
31:10 ဇာဒုတ်အမျိုး၊ ယဇ်ပုရောဟိတ်အကြီး အာဇရိက၊ ပူဇော်သကာတို့ကို၊ ဗိမာန်တော်သို့ ဆောင်ခဲ့စပြုသောနောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်းတတ်ပါ၏။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းချီးပေးတော်မူသောကြောင့်၊ ပုံထားသော ဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ၏။
31:11 ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည်အတိုင်း ပြင်ဆင်၍၊
31:12 လှူသောဥစ္စာ၊ ဆယ်ဖို့တစ်ဖို့ဥစ္စာ၊ ပူဇော်သောဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသား ကောနနိသည် တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။
31:13 ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော်အုပ်အာဇရိ စီရင်သည်အတိုင်း၊ ကောနနိနှင့် သူ၏ညီရှိမိတို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။
31:14 အရှေ့တံခါးမှူး၊ လေဝိသား ဣမနသားကောရသည်၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်းပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသော ဥစ္စာများကို ဝေဖန်ရသောအမှုအုပ် ဖြစ်၏။
31:15 ကောရလက်ထောက်၊ ဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ်နေရာ မြို့တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့သောညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ၏။
31:16 သင်းဖွဲ့သည်အတိုင်း၊ ဗိမာန်တော်သို့ဝင်၍ အမှုတော်ကိုစောင့်သောသူ၊ စာရင်းဝင်သည်အတိုင်း၊ အသက်သုံးနှစ်လွန်သော ယောက်ျားအပေါင်းတို့အားလည်းကောင်း၊
31:17 အဆွေအမျိုးအလိုက်စာရင်းဝင်၍၊ အသက်နှစ်ဆယ်လွန်သဖြင့်၊ သင်းဖွဲ့သည်အတိုင်း၊ အမှုတော်စောင့်သော ယဇ်ပုရောဟိတ် လေဝိသားတို့အားလည်းကောင်း၊
31:18 သစ္စာစောင့်၍ ကိုယ်ကိုသန့်ရှင်းစေသော ထိုသူတို့၏ သားမယားသူငယ်မှစ၍၊ ပရိသတ်အနှံ့အပြား စာရင်းဝင်သမျှသော သူတို့အားလည်းကောင်း၊ နေ့ရက်အစဉ်အတိုင်း ပေးဝေရကြ၏။
31:19 ထိုအတူ၊ အထက်ဆိုခဲ့ပြီးသောသူတို့သည် ယဇ်ပုရောဟိတ်၊ လေဝိသားနေစရာဖို့ ခွဲထားသောမြို့နယ်တို့၌ နေသော အာရုန်သား ယဇ်ပုရောဟိတ်ယောက်ျား၊ စာရင်းဝင်သော လေဝိသားအပေါင်းတို့အားလည်း ပေးဝေရကြ၏။
31:20 ထိုသို့ ဟေဇကိသည် ယုဒပြည်တစ်လျှောက်လုံးတွင် စီရင်၍၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သောအမှု၊ သမ္မာတရားအမှုတို့ကို ပြုတော်မူ၏။
31:21 မိမိဘုရားသခင်ကို ဆည်းကပ်လျက်၊ ဗိမာန်တော်၊ တရားတော်၊ ပညတ်တော်တို့အဖို့ အမှုစောင့်စပြုလေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့ပြု၍ အကြံထမြောက်တတ်၏။