2 Chronicles 32
32:1 ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်သို့စစ်ချီ၍ ခိုင်ခံ့သောမြို့တို့ကို ဝိုင်းထားလျက် တိုက်ယူခြင်းငှာ အားထုတ်လေ၏။
32:2 ထိုသို့ သနာခရိပ်သည်လာ၍၊ ယေရုရှလင်မြို့ကို တိုက်မည့်အကြံရှိကြောင်းကို၊ ဟေဇကိသည်သိမြင်လျှင်၊
32:3 မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှာ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍။ သူတို့သည် ဝိုင်းလုပ်ကြ၏။
32:4 အာရှုရိရှင်ဘုရင်တို့သည်လာ၍၊ များစွာသောရေကို အဘယ်ကြောင့်တွေ့ရမည်နည်းဟု လူများတို့သည်ဆိုလျက်၊ စုဝေး၍ စမ်းရေတွင်းရှိသမျှကို ပိတ်ကြ၏။ ပြည်အလယ်၌ စီးသောချောင်းရေကိုလည်း ဖြတ်ကြ၏။
32:5 ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့စေ၏။ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင်၍၊ ရဲတိုက်တို့နှင့် တညီတည်းတည်၏။ ပြင်မြို့ရိုးကိုလည်း တည်၏။ ဒါဝိဒ်မြို့၌ မိလ္လောရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာသော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
32:6 လူများတို့တွင် တပ်မှူးတို့ကိုခန့်ထား၍၊ မြို့လမ်းမ၌ စုဝေးစေသဖြင့်၊ အားပေးသောစကားကို ပြောလျက်၊
32:7 ခွန်အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင်နှင့် သူ၌ပါသောအလုံးအရင်း အပေါင်းတို့ ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ဘက်၌နေသော သူတို့သည်၊ သူ့ဘက်၌ နေသောသူတို့ထက်သာ၍ များကြ၏။
32:8 သူ့ဘက်၌ လူလက်ရုံးရှိ၏။ ငါတို့ဘက်၌ ထောက်မ၍၊ စစ်ကူတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူများတို့သည် ယုဒရှင်ဘုရင်ဟေဇကိ၏စကားကို ကိုးစားကြ၏။
32:9 ထိုနောက် အာရှုရိရှင်ဘုရင်သနာခရိပ်သည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ၊ လာခိရှမြို့ကိုဝိုင်းထားစဉ်တွင်၊ မိမိကျွန်အချို့ကို ယေရုရှလင်မြို့၊ ယုဒရှင်ဘုရင်ဟေဇကိထံသို့လည်းကောင်း၊ ယေရုရှလင်မြို့၌ရှိသော ယုဒလူအပေါင်းတို့ရှိရာသို့လည်းကောင်း စေလွှတ်၍၊
32:10 အာရှုရိရှင်ဘုရင်သနာခရိပ် မိန့်တော်မူသည်ကား၊ သင်တို့သည် ယေရုရှလင်မြို့၌ ဝိုင်းထားခြင်းကို ခံခြင်းငှာ၊ အဘယ်သို့ခိုလှုံကြသနည်း။
32:11 ဟေဇကိက၊ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်တော်မူမည်ဟုဆိုလျက်၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်းအားဖြင့် အသေခံရသည်တိုင်အောင်၊ ကိုယ်ကိုစွန့်ပစ်စေခြင်းငှာ၊ သင်တို့ကို ဖြားယောင်းသည်မဟုတ်လော။
32:12 ထိုဟေဇကိသည် ထာဝရဘုရား၏ မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ သင်တို့သည် တစ်ခုတည်းသော ယဇ်ပလ္လင် ရှေ့မှာ ကိုးကွယ်ရမည်။ ထိုယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို မိန့်တော်မူပြီမဟုတ်လော။
32:13 ငါနှင့် ငါ့ဘိုးဘေးတို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ပြုသည်ကို သင်တို့မသိကြသလော။ အတိုင်းတိုင်းအပြည်ပြည် ဘုရားတို့သည် မိမိတို့ပြည်များကို ငါ့လက်မှ ကယ်လွှတ်ခြင်းငှာ တတ်စွမ်းနိုင်သလော။
32:14 ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်းနိုင်ငံတို့၏ ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဖူးသနည်း။ သင်တို့၏ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ်မည်နည်း။
32:15 သို့ဖြစ်၍၊ ဟေဇကိသည် သင်တို့ကိုမလှည့်စားစေနှင့်။ ထိုသို့ မဖြားယောင်းစေနှင့်။ သူ့စကားကို မယုံကြနှင့်။ အခြားသော တိုင်းနိုင်ငံ၌ ကိုးကွယ်သောဘုရားမည်မျှသည်၊ မိမိပြည်ကိုငါ့လက်မှလည်းကောင်း၊ ငါ့ဘိုးဘေးလက်မှလည်းကောင်း မကယ်မလွှတ်နိုင်။ ထိုမျှမက၊ သင်တို့၏ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်ဟု မှာလိုက်လေ၏။
32:16 သူ့ကျွန်တို့သည် ထာဝရအရှင်ဘုရားသခင်တစ်ဖက်၊ ဘုရားသခင်၏ကျွန်ဟေဇကိတစ်ဖက်၌ သာ၍ ပြောဆိုကြ၏။
32:17 ထိုမှတစ်ပါး အခြားသောတိုင်းနိုင်ငံဘုရားတို့သည်၊ မိမိလူများကို ငါ့လက်မှ မကယ်မလွှတ်နိုင်သည် နည်းတူ၊ ဟေဇကိကိုးကွယ်သော ဘုရားသည်၊ သူ၏လူများကို ငါ့လက်မှ မကယ်မလွှတ်ရဟုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သောစာကိုရေး၍ ပေးလိုက်သေး၏။
32:18 တစ်ဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သားတို့ကို ခြိမ်းခြောက်နှောင့်ယှက်၍၊ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေးကြော်ကြ၏။
32:19 လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသားများ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ဘုရားသခင်ကို ရော၍ ကဲ့ရဲ့ကြ၏။
32:20 ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည်ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊
32:21 ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင်တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသောသူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိပြည်သို့ပြန်သွား၏။ မိမိဘုရား၏ဗိမာန်သို့ရောက်သောအခါ၊ မိမိသားရင်းတို့သည် ဓားနှင့်သတ်ကြ၏။
32:22 ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှလည်းကောင်း၊ အခြားသောရန်သူလက်မှလည်းကောင်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။
32:23 အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝရဘုရားအဖို့ ပူဇော်သကာကိုလည်းကောင်း၊ ယုဒရှင်ဘုရင်ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကိုလည်းကောင်း ဆောင်ခဲ့ကြသဖြင့်၊ ဟေဇကိသည် ထိုကာလမှစ၍ ခပ်သိမ်းသောလူမျိုး ရှေ့မှာဘုန်းကြီးတော်မူ၏။
32:24 ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသောတန်ခိုးတော်ကို ခံရ၏။
32:25 သို့ရာတွင် ဟေဇကိသည် မိမိခံရသောကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှားသောစိတ်ရှိ၏။ ထိုကြောင့် သူ၌လည်းကောင်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌လည်းကောင်း၊ အမျက်တော်ထွက်လေ၏။
32:26 သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှားသော အပြစ်ကြောင့်၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့်၊ လက်ထက်တော်ကာလတွင်၊ ထာဝရဘုရား၏ အမျက်တော်မသက်ရောက်။
32:27 ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ်အသရေရှိ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဖွယ်သော တန်ဆာ သိုထားရာဘဏ္ဍာတိုက်များကို တည်လေ၏။
32:28 စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ၏။
32:29 ကိုယ်အဖို့ မြို့တို့ကိုတည်၍၊ များစွာသော သိုးနွားတို့ကိုလည်း ဆည်းပူးလေ၏။ ဘုရားသခင်သည် များစွာသောဥစ္စာကို ပေးသနားတော်မူ၏။
32:30 ထိုမှတစ်ပါး၊ ဟေဇကိသည် ဂိဟုန်အထက်ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိသည် ပြုလေရာရာ၌ အကြံထမြောက်၏။
32:31 သို့ရာတွင်၊ နိုင်ငံတော်၌ ဖြစ်သောအံ့ဖွယ်သောအမှုကို မေးမြန်းစေခြင်းငှာ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သောအမှုမှာ၊ ဟေဇကိမင်း၏သဘောကို အကုန်အစင်သိခြင်းငှာ၊ ဘုရားသခင်သည် စုံစမ်း၍အလွတ်ထားတော်မူ၏။
32:32 ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရောဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
32:33 ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်၏သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသောသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဟေဇကိ အနိစ္စရောက်သောအခါ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ၏။ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။