2 Chronicles 34
34:1 ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တစ်နှစ် စိုးစံလေ၏။
34:2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၍၊ လက်ယာဘက်လက်ဝဲဘက်သို့ မလွှဲ၊ အဘဒါဝိဒ်လိုက်သောလမ်းသို့ လိုက်လေ၏။
34:3 အသက်တော်ငယ်စဉ်၊ နန်းစံရှစ်နှစ်တွင်၊ အဘဒါဝိဒ်၏ဘုရားသခင်ကို ဆည်းကပ်စပြု၏။ တစ်ဆယ်နှစ်နှစ်တွင် ယုဒပြည်၊ ယေရုရှလင်မြို့၌ရှိသောကုန်း၊ အာရှရပင်၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုတို့ကို သုတ်သင်ပယ်ရှင်းစ ပြု၏။
34:4 ဗာလဘုရားတို့ ယဇ်ပလ္လင်များကို ရှေ့တော်၌ဖြိုချ၍၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တုတို့ကို ခုတ်လှဲကြ၏။ အာရှရပင်များနှင့် ထုသောရုပ်တု၊ သွန်းသောရုပ်တုများကို ချိုးဖဲ့၍ ညက်ညက်ချေပြီးလျှင်၊ ယဇ်ပူဇော်သောသူတို့၏ သင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။
34:5 ယဇ်ပုရောဟိတ်တို့အရိုးကို ထိုယဇ်ပလ္လင်တည်ရာအပေါ်မှာ မီးရှို့၍၊ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို စင်ကြယ်စေတော်မူ၏။
34:6 ထိုအတူ မနာရှေခရိုင်၊ ဧဖရိမ်ခရိုင်၊ ရှိမောင်ခရိုင်၊ နဿလိခရိုင် တိုင်အောင်၊ အရပ်ရပ်မြို့များတို့၌ ပေါက်တူးနှင့်လုပ်လျက်၊
34:7 ယဇ်ပလ္လင်တို့နှင့် အာရှရပင်တို့ကို ချိုးဖဲ့၍၊ ဣသရေလပြည် တစ်လျှောက်လုံး၌ ရှိသမျှသောရုပ်တု ဆင်းတုတို့ကို ခုတ်လှဲ၍ ညက်ညက်ချေပြီးမှ ယေရှရုလင်မြို့သို့ ပြန်တော်မူ၏။
34:8 နန်းစံဆယ်ရှစ်နှစ်တွင်၊ နိုင်ငံတော်နှင့် ဗိမာန်တော်ကို စင်ကြယ်စေပြီးမှ၊ မိမိဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို ပြုပြင်လိုသောငှာ၊ အာဇလိ၏သားရှာဖန်၊ မြို့ဝန် မာသေယ၊ ယောခတ်သား အတွင်းဝန်ယောအာတို့ကို စေလွှတ်တော်မူ၏။
34:9 ထိုသူတို့သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့သွား၍၊ ဗိမာန်တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေအမျိုးသား၊ ဧဖရိမ်အမျိုးသား၊ ကျန်ကြွင်းသောဣသရေလအမျိုးသားရှိသမျှ၊ ယုဒအမျိုးသား၊ ဗင်္ယာမိန်အမျိုးသား၊ ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့လက်မှ တံခါးစောင့် လေဝိသားတို့ခံသော ငွေကိုယူ၍၊
34:10 ဗိမာန်တော်ကို ကြည့်ရှုပြုစုသောသူတို့၌ အပ်သဖြင့်၊ သူတို့သည် ဗိမာန်တော်ကို ပြုပြင်ခြင်းငှာ လုပ်ဆောင်သောသူ၊
34:11 ဗိသုကာနှင့် လက်သမားလုပ်သည်အတွက်၊ ယုဒရှင်ဘုရင် ဖျက်ဆီးသော အဆောင်တို့ကို ပြင်စရာဖို့ ဆစ်သောကျောက်များနှင့် ထုပ်၊ လျောက်၊ ရနယ်များကို ဝယ်သည်အတွက် ပေးကြ၏။
34:12 လုပ်ဆောင်သူတို့သည် သစ္စာစောင့်ကြ၏။ လေဝိအမျိုး၊ မေရာရိအနွယ်၊ ယာဟတ်နှင့် ဩဗဒိ၊ ကောဟတ်အနွယ်၊ ဇာခရိနှင့် မေရှုလံအစရှိသော တူရိယာမျိုးကို တီးမှုတ်လျက်၊ သီချင်းဆိုတတ်သော လေဝိသားအပေါင်းတို့သည် ကြည့်ရှုနှိုးဆော်ကြ၏။
34:13 ထိုသူတို့သည် ဝန်ထမ်းသောသူမှစ၍၊ အလုပ်မျိုးကို လုပ်ဆောင်သောသူ အပေါင်းတို့ကို ကြည့်ရှုအုပ်ချုပ်ကြ၏။ လေဝိသားအချို့တို့သည်လည်း စာရေး၊ တရားသူကြီး၊ တံခါးစောင့်လုပ်ကြ၏။
34:14 ဗိမာန်တော်သို့ ဆောင်ခဲ့သောငွေကိုထုတ်သောအခါ၊ ယဇ်ပုရောဟိတ်ဟိလခိသည် မောရှေရေးထားသော ထာဝရဘုရား၏ ပညတ္တိကျမ်းစာစောင်ကို တွေ့၍၊
34:15 တွေ့ကြောင်းကို စာရေးတော်ရှာဖန်အားပြောလျက် ထိုကျမ်းစာကိုအပ်ပေး၏။
34:16 ရှာဖန်သည် ရှင်ဘုရင်ထံသို့ ယူသွား၍၊ ကိုယ်တော်ကျွန်တို့သည် မှာထားတော်မူသမျှအတိုင်း ပြုကြပါ၏။
34:17 ဗိမာန်တော်၌ တွေ့သောငွေကို မှုတ်၍၊ အုပ်ချုပ်သောသူနှင့် လုပ်ဆောင်သောသူတို့၌ အပ်ပါပြီဟူ၍လည်းကောင်း၊
34:18 ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍လည်းကောင်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဖတ်ရွတ်လေ၏။
34:19 ရှင်ဘုရင်သည် တရားစကားကိုကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍၊
34:20 ယဇ်ပုရောဟိတ် ဟိလခိ၊ ရှာဖန်သား အဟိကံ၊ မိက္ခာသား အာဗဒုန်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အာသာယကို ခေါ်၍၊
34:21 ယခုတွေ့သောကျမ်းစကားကြောင့် ငါ့အတွက် ဣသရေလပြည်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသောသူတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်၊ ဤကျမ်းစာ၌ရေးထားသမျှအတိုင်း မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
34:22 ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ၏သား အချုပ်ဝန် ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒသည် ယေရုရှလင်မြို့၌ နေသည်ဖြစ်၍၊ ဟိလခိနှင့် ရှင်ဘုရင်၏လူတို့သည် ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။
34:23 မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊
34:24 ယုဒရှင်ဘုရင်ရှေ့မှာ ဖတ်ရသောကျမ်းစာ၌ ရေးထားသမျှသောအကျိန်စကား ပြည့်စုံစေခြင်းငှာ၊ ငါသည် ဤအရပ်၌လည်းကောင်း၊ ဤအရပ်သားတို့၌လည်းကောင်း ဘေးရောက်စေမည်။
34:25 အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ၊ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
34:26 ထာဝရဘုရားကို မေးလျှောက်စေခြင်းငှာ၊ သင်တို့ကိုစေလွှတ်သော ယုဒရှင်ဘုရင်ကြားသော ကျမ်းစကားကို ရည်ဆောင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တစ်ဖန်ပြန်လျှောက်ရမည်ကား၊
34:27 ဤအရပ်ကိုလည်းကောင်း၊ ဤအရပ်သားတို့ကိုလည်းကောင်း၊ ငါခြိမ်းခြောက်သောစကားကို သင်သည်ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့်၊ သင့်စကားကို ငါနားထောင်၏။
34:28 ငါသည် သင့်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌လည်းကောင်း၊ ဤအရပ်သားတို့၌လည်းကောင်း၊ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည်အတိုင်း၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။
34:29 ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊
34:30 ယုဒပြည်သူ ယေရုရှလင်မြို့သား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ လူအကြီးအငယ် အပေါင်းတို့နှင့်တကွ၊ ဗိမာန်တော်သို့တက်၍ ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဖတ်တော်မူ၏။
34:31 ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု မိမိနေရာ၌ရပ်၍ အဓိဋ္ဌာန်ပြု၏။
34:32 စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသား အပေါင်းတို့သည်၊ ထိုအဓိဋ္ဌာန်ကိုဝန်ခံရမည်အကြောင်း စီရင်တော်မူ၏။ ယေရုရှလင်မြို့သားတို့ သည်လည်း၊ ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင်၏ပဋိညာဉ်တရားအတိုင်း ကျင့်ကြ၏။
34:33 ယောရှိမင်းသည်လည်း၊ ရွံရှာဖွယ်သောအရာရှိသမျှတို့ကို ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌နေသောသူ အပေါင်းတို့သည်၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်အကြောင်း၊ စီရင်တော်မူသဖြင့်၊ လက်ထက်တော်ကာလပတ်လုံး သူတို့သည် မဖောက်ပြန်၊ ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရား နောက်တော်သို့ လိုက်လျက်နေကြ၏။