2 Chronicles 36
36:1 ပြည်သူပြည်သားတို့သည် ယောရှိသား ယောခတ်ကိုယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။
36:2 ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။
36:3 ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင်မြို့မှာနန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တစ်ထောင်နှင့် ရွှေအခွက်တစ်ဆယ်ကို အခွန်တောင်းလေ၏။
36:4 အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ်၏နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်၍ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။
36:5 ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
36:6 ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ ယူသွားခြင်းငှာ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။
36:7 ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
36:8 ယောယကိမ်ပြုမူသောအမှုအရာ ကြွင်းလေသမျှတို့နှင့် ပြုမိသောရွံရှာဖွယ်အမှု၊ ထင်ရှားသောစိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
36:9 ယေခေါနိသည် အသက်တစ်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက် စိုးစံလေ၏။ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
36:10 နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီးသည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော်ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
36:11 ဇေဒကိသည် အသက်နှစ်ဆယ်တစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။
36:12 ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကိုမနှိမ့်ချ။
36:13 ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ်နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မည်အကြောင်း၊ မိမိလည်ပင်းကိုလည်းကောင်း၊ မိမိနှလုံးကိုလည်းကောင်း ခိုင်မာစေ၏။
36:14 ထိုမှတစ်ပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တစ်ပါးအမျိုးသား ရွံရှာဖွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရားသန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။
36:15 ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သောတမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
36:16 ဘုရားသခင်၏တမန်တို့ကို ပြက်ရယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား၏ အမျက်တော်မငြိမ်းနိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
36:17 ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာနအိမ်တော်၌ လူပျိုတို့ကို ဓားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင်လက်သို့ အပ်တော်မူ၏။
36:18 ဗိမာန်တော်တန်ဆာ အကြီးအငယ် ရှိသမျှတို့ကိုလည်းကောင်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ်ဘဏ္ဍာရှိသမျှတို့ကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။
36:19 ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုးကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာ အကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။
36:20 ဓားဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံ မတည်မီတိုင်အောင် ရှင်ဘုရင်ထံ၊ သားတော်မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။
36:21 ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှာ၊ ယေရမိဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ၊ အနှစ်ခုနစ်ဆယ်စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့် ရှိသတည်း။ ရာဇဝင်ချုပ်ဒုတိယစောင်ပြီး၏။