2 Chronicles 9
9:1 ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏သတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှာ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဖိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုတ်များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင်မြို့သို့ လာ၏။
9:2 ရှောလမုန်မင်းကြီးထံတော်သို့ ရောက်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်သည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။
9:3 ရှေဘမိဖုရားသည် ရှောလမုန်၏ပညာကိုလည်းကောင်း၊ တည်ဆောက်သော အိမ်တော်ကိုလည်းကောင်း၊
9:4 စားပွဲတော် တန်ဆာကိုလည်းကောင်း၊ အမှုတော်စောင့်တို့ နေရာထိုင်ရာကိုလည်းကောင်း၊ လုလင်တို့ခစားသည် အခြင်းအရာကိုလည်းကောင်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကိုလည်းကောင်း၊ ဝန်စာရေးများနှင့် သူတို့ဝတ်သော အဝတ်တန်ဆာကိုလည်းကောင်း၊ ထာဝရဘုရား၏အိမ်တော်၌ မီးရှို့ရာယဇ်ပူဇော်ခြင်းကိုလည်းကောင်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
9:5 ကိုယ်တော်၏ အခြင်းအရာနှင့် ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သတင်းစကား မှန်ပါ၏။
9:6 သို့သော်လည်း ကိုယ်တိုင်ရောက်၍ မမြင်မီ ထိုစကားကိုမယုံ။ ယခုမူကား၊ ကိုယ်တော်ပညာကျယ်ခြင်းအရာမှာ၊ အရင်ကြားရသော စကားသည် တစ်ဝက်ကိုမျှ မမီ။ အကျွန်ုပ် ကြားရသော သတင်းကို ကိုယ်တော်လွန်ကဲပါ၏။
9:7 ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူနှင့် ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။
9:8 ကိုယ်တော်ကိုနှစ်သက်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကိုယ်စားတော် ရှင်ဘုရင်အရာနှင့် ရာဇပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ကိုယ်တော်၏ ဘုရားသခင်သည် ဣသရေလအမျိုးကို ချစ်၍ အစဉ်အမြဲ တည်စေချင်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ ကိုယ်တော်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
9:9 ရွှေအခွက်တစ်ရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့်တူသော နံ့သာမျိုးသည် မရှိ။
9:10 ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက်မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။
9:11 ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော် ပွတ်လုံးတန်းကိုလည်းကောင်း၊ သီချင်းဆိုသောသူဖို့ စောင်းနှင့်တယောတို့ကိုလည်းကောင်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည်၌ တစ်ခါမျှ မပေါ်လာ။
9:12 ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက်သည်အတွက် ပြန်ပေးသောလက်ဆောင်မှတစ်ပါး၊ မိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှာ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ပြန်သွားလေ၏။
9:13 ရှောလမုန်ထံသို့ တစ်နှစ်တစ်နှစ်လျှင် ရောက်သောရွှေအချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက်ပိဿာဖြစ်သတည်း။
9:14 ထိုမှတစ်ပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သောရွှေ ရှိသေး၏။
9:15 ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊
9:16 သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍၊ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။
9:17 ရှင်ဘုရင်သည်လည်း ဆင်စွယ်ရာဇပလ္လင်ကြီးကိုလုပ်၍ ရွှေစင်နှင့်မွမ်းမံလေ၏။
9:18 လှေကားခြောက်ထစ်နှင့် ရွှေဖိနပ်သည် ရာဇပလ္လင်တော်နှင့် တစ်ဆက်တည်းရှိ၏။ ထိုင်ရာတစ်ဖက်တစ်ချက်၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့နှစ်ကောင် ရပ်နေ၏။
9:19 လှေကားခြောက်ထစ်အပေါ်တွင်၊ တစ်ဖက်တစ်ချက်၌လည်း ခြင်္သေ့တစ်ဆယ်နှစ်ကောင် ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှ မရှိ။
9:20 ရှေလမုန်မင်းကြီးသောက်သော ဖလားတော်ရှိသမျှနှင့် လေဗနုန်နန်းတော်၌သုံးသော ဖလားတော်ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏမပြုတတ်ကြ။
9:21 ရှင်ဘုရင်၏သင်္ဘောသည် ဟိရံမင်းကျွန်တို့နှင့် တာရှုမြို့သို့သွားတတ်သဖြင့်၊ သုံးနှစ်တစ်ခါ တာရှုသင်္ဘောသည်ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။
9:22 ထိုသို့ ရှောလမုန်သည် မြေကြီးပေါ်မှာရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့်စည်းစိမ်အားဖြင့် လွန်ကဲ၏။
9:23 ရှောလမုန်၏နှလုံး၌ ဘုရားသခင်သွင်းပေးတော်မူသော ပညာကို အတိုင်းတိုင်းအပြည်ပြည် ရှင်ဘုရင်တို့သည် ကြားရအံ့သောငှာ၊ မျက်နှာတော်ကို ဖူးလာကြ၏။
9:24 လာသောသူ အသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်းလားတို့ကို နှစ်တိုင်း အခွန်ဆက်ရကြ၏။
9:25 ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ် လေးထောင်၊ မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌လည်းကောင်း၊ ယေရုရှလင်မြို့ အထံတော်၌လည်းကောင်း ထား၏။
9:26 မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်နှင့် အဲဂုတ္တုပြည်စွန်းတိုင်အောင် ရှိသော ရှင်ဘုရင်အပေါင်းတို့ကို အစိုးရ၏။
9:27 ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကိုကျောက်ခဲကဲ့သို့လည်းကောင်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့လည်းကောင်း များပြားစေ၏။
9:28 ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်အစရှိသော ခပ်သိမ်းသောပြည်မှ ဆောင်ခဲ့ကြ၏။
9:29 ရှောလမုန်ပြုမူသော အမှုအရာ ကြွင်းလေသမျှ အစအဆုံးတို့သည်၊ ပရောဖက်နာသန်၏ကျမ်း၊ ရှိလောမြို့သား အဟိယ၏ အနာဂတ္တိကျမ်း၊ နေဗတ်သား ယေရောဗောင်တစ်ဖက်၌ ပရောဖက်ဣဒ္ဒေါ၏ ဗျာဒိတ်ကျမ်း၌ ရေးထားလျက်ရှိ၏။
9:30 ရှောလမုန်သည် ယေရုရှလင်မြို့၌နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ် စိုးစံပြီးမှ၊
9:31 ဘိုးဘေးတို့နှင့်အိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။