2 Chronicles 8
8:1 ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
8:2 ဟိရံမင်းပြန်ပေးသော မြို့တို့ကို ရှောလမုန်ပြုပြင်၍ ဣသရေလအမျိုးသားတို့ကို နေစေ၏။
8:3 တစ်ဖန် ဟာမတ်ဇောဘမြို့သို့ ချီသွား၍ နိုင်လေ၏။
8:4 ပြည်ထဲမှာ တာဒမော်မြို့၊ ဟာမတ်ပြည်၌ရှိသမျှသော ဘဏ္ဍာတော်မြို့၊
8:5 မြို့ရိုး၊ တံခါး၊ ကန့်လန့်ကျင်နှင့် ခိုင်ခံ့သော အထက်ဗေသောရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကိုလည်း တည်လေ၏။
8:6 ဗာလတ်မြို့နှင့် ဘဏ္ဍာတော်မြို့များ၊ ရထားတော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
8:7 ဣသရေလအမျိုးသား မဖျက်ဆီးသောကြောင့်၊
8:8 ပြည်တော်၌ ကျန်ကြွင်းသော တစ်ပါးအမျိုးသား ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ အမျိုးအနွယ် သားစဉ်မြေးဆက် အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် အခွန်ပေးစေ၏။
8:9 ဣသရေလ အမျိုးသားတို့ကိုကား၊ ရှောလမုန်သည် အမှုတော်ထမ်းကျွန် မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော်မူ၏။
8:10 အမှုတော်ထမ်းများကို အုပ်သောသူ၊ ရှောလမုန်မင်း ခန့်ထားသော မှူးမတ်ကြီး နှစ်ရာငါးဆယ်ရှိကြ၏။
8:11 ဖာရောဘုရင်၏သမီးတော်ကို၊ ရှောလမုန်သည် ဒါဝိဒ်မြို့မှခေါ်၍ သူ့အဖို့ တည်ဆောက်သော နန်းတော်သို့ ဆောင်ခဲ့၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ သေတ္တာတော်ရောက်လာသောအရပ်သည် သန့်ရှင်းသောကြောင့်၊ ငါ့မယားသည် ဣသရေလရှင်ဘုရင် ဒါဝိဒ်အိမ်တော်၌ မနေသင့်ဟု သဘောရှိ၏။
8:12 ဗိမာန်တော်ဦးရှေ့မှာ တည်ထားသော ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ၊ ရှောလမုန်သည် မောရှေ၏ ပညတ်တရားနှင့်အညီ၊ နေ့တိုင်းပူဇော်ရသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား နေ့တိုင်းပူဇော်လေ့ရှိ၏။
8:13 ထိုမှတစ်ပါး ဥပုသ်နေ့နှင့် လဆန်းနေ့၌လည်းကောင်း၊ အဇုမပွဲ၊ ခုနစ်သီတင်းပွဲ၊ သကေနေပွဲတည်းဟူသော တစ်နှစ်တစ်နှစ်လျှင် ဓမ္မပွဲသုံးပွဲခံသောနေ့၌လည်းကောင်း ယဇ်ပူဇော်လေ့ရှိ၏။
8:14 ခမည်းတော်ဒါဝိဒ် စီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကိုလည်းကောင်း၊ လေဝိသားတို့သည် နေ့ရက်အစဉ် ဝတ်ပြုသင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထောမနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကိုလည်းကောင်း၊ တံခါးစောင့်တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်းအမှုကိုလည်းကောင်း၊ အသီးအ သီး ဆောင်ရွက်စေခြင်းငှာ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။
8:15 အမှုတော်များ၊ ဘဏ္ဍာတော်များနှင့်ဆိုင်သောအရာမှာ ရှင်ဘုရင်မှာထားသမျှအတိုင်း ထိုသူတို့သည် ပြုကြ၏။
8:16 ထာဝရဘုရား၏အိမ်တော်အမြစ်မချမီ လက်စသတ်သည်တိုင်အောင်၊ ရှောလမုန်လုပ်ဆောင်ရန် အမှုရှိသမျှသည် အသင့်ပြင်ဆင်ပြီးဖြစ်၍၊ အိမ်တော်ကို လက်စသတ်လေ၏။
8:17 တစ်ဖန် ရှောလမုန်သည် ဧဒုံပြည်တွင်၊ ပင်လယ်ကမ်းနား၌ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့သွား၏။
8:18 ဟိရံသည်လည်း ပင်လယ်ကူးသောအမှုကို နားလည်သော မိမိလူများ၊ သင်္ဘောသားများကို မိမိကျွန်တို့နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရှောလမုန်မင်း၏ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား၍ ရွှေအခွက် လေးရာငါးဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။