Ezra 3
3:1 သတ္တမလရောက်မှ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလအမျိုးသား လူအပေါင်းတို့သည်၊ ယေရုရှလင်မြို့သို့ တညီတညွတ်တည်း လာ၍ စုဝေးကြ၏။
3:2 ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာလသေလသား ဇေရုဗဗေလနှင့် သူ၏ညီအစ်ကိုများတို့သည် ထ၍ ဘုရားသခင်၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ပါသည် အတိုင်း၊ မီးရှို့ရာယဇ်တို့ကို ပူဇော်လိုသောငှာ၊ ဣသရေလအမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကို တည်ကြ၏။
3:3 ထိုပြည်အရပ်ရပ်၌ နေသောသူတို့ကို ကြောက်သော်လည်း၊ ယဇ်ပလ္လင်ကို မိမိဖိနပ်ပေါ်မှာ တည်ထား၍၊ နံနက်ညဥ့်ဦးမပြတ် မီးရှို့ရာယဇ်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
3:4 ကျမ်းစာလာသည်အတိုင်း၊ သကေနေပွဲကိုလည်းခံ၍ တရားနှင့်အညီ နေ့တိုင်းပြုသင့်သောဝတ်ကို ပြုလျက်၊ နေ့တိုင်းမီးရှို့ရာယဇ်တို့ကို အရေအတွက်နှင့် ပူဇော်ကြ၏။
3:5 ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့၌လည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့၌လည်းကောင်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလိုပူဇော်သကာကို ဆောင်ခဲ့သောသူ အသီးအသီးအဖို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။
3:6 ဗိမာန်တော် တိုက်မြစ်ကို မချသေးသော်လည်း၊ သတ္တမလ တစ်ရက်နေ့မှစ၍ မီးရှို့ရာယဇ်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
3:7 ပန်းရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ၏။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူသည်အတိုင်း၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှာ၊ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့အား၊ စားစရိတ်နှင့် ဆီများကို ပေးကြ၏။
3:8 ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒက်သား ယောရှု၊ ကျန်ကြွင်းသော ညီအစ်ကို၊ ယဇ်ပုရောဟိတ်၊ လေဝိသားများ၊ အချုပ်ခံရသော လူစုထဲကထွက်၍၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည်ထ၍ ဗိမာန်တော် တည်ဆောက်ခြင်းအမှုကို နှိုးဆော်စိမ့်သောငှာ လေဝိသားတို့ကို ခန့်ထားကြ၏။
3:9 ထိုအခါ ယုဒအမျိုး၊ ယောရှုနှင့် သူ၏သားညီများ၊ ကပ်မျေလနှင့် သူ၏သားများ၊ လေဝိအမျိုး ဟေနဒဒ်သားများ၊ သူတို့သားနှင့် ညီများတို့သည်၊ ဗိမာန်တော်ကို တည်ဆောက်လုပ်ဆောင်သော သူတို့ကို နှိုးဆော်ခြင်းငှာ ထကြ၏။
3:10 လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကို ချသောအခါ၊ ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ တံပိုးကိုင်သော ယဇ်ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သော လေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။
3:11 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလအမျိုး၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲတည်ပါသည်ဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူးတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့် သီချင်းဆိုကြ၏။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့်၊ လူအပေါင်းတို့သည် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။
3:12 သို့ရာတွင် အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဖူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုး သူကြီးအများတို့သည်၊ နောက်ဗိမာန်တော် တိုက်မြစ်ကျလျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသောအသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သောစိတ်နှင့် ကြွေးကြော်ကြ၏။
3:13 ထိုသို့ပြုသော ကြွေးကြော်သံနှင့် ငိုကြွေးသံကို ကြားသောသူတို့သည် ပိုင်းခြား၍ မသိနိုင်ကြ။ လူများတို့သည် ကြီးစွာသောအသံနှင့် ကြွေးကြော်သောကြောင့်၊ ဝေးသောအရပ်၌ ကြားရလေ၏။