Ezra 4
4:1 သိမ်းသွားခြင်းကိုခံရသော အမျိုးသားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဖို့ ဗိမာန်တော်ကို တည်ကြသည်ဟု ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုး၏ ရန်သူတို့သည် ကြားလျှင်၊
4:2 ဇေရုဗဗေလနှင့် အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊ ငါတို့သည် သင်တို့ထံ၌ တည်းခိုပါရစေ။ သင်တို့၏ ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်း ရှာကြ၏။ ငါတို့ကို ဤပြည်သို့ဆောင်ခဲ့သော အာရှုရိရှင်ဘုရင် ဧသရဟဒ္ဒုန် လက်ထက်မှစ၍ ထိုဘုရားသခင်အား ယဇ်ပူဇော်ကြသည်ဟု ဆိုကြသော်၊
4:3 ဇေရုဗဗေလနှင့် ယောရှု အစရှိသော ဣသရေလအဆွေအမျိုး သူကြီးတို့က၊ ငါတို့၏ ဘုရားသခင်အဖို့ ဗိမာန်တော်တည်ခြင်းအမှုကို၊ သင်တို့သည် ငါတို့နှင့်ဝိုင်း၍ မလုပ်ရ။ ပေရသိရှင်ဘုရင် ကုရုမင်းကြီး အမိန့်တော်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဖို့ ငါတို့သည် ကိုယ်တိုင်တည်ရမည်ဟု ပြန်ပြောကြ၏။
4:4 ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အားလျော့စေ၍၊ တည်ဆောက်ခြင်းအမှုကို နှောင့်ယှက်ကြ၏။
4:5 ယုဒအမျိုးသားတို့၏ အကြံကို ဖျက်ဆီးခြင်းငှာ၊ ပေရသိရှင်ဘုရင် ကုရုလက်ထက် ကာလပတ်လုံးမှသည်၊ ပေရသိရှင်ဘုရင် ဒါရိလက်ထက်တိုင်အောင်၊ ရှေ့နေတို့ကို ငှား၍ထားကြ၏။
4:6 အာရွှေရုနန်းထိုင်စက ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၌ အပြစ်တင်သောလွှာစာကို ပေးလိုက်ကြ၏။
4:7 အာတဇေရဇ်လက်ထက်၌ ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့် အခြားသောအပေါင်းအဖော်တို့သည်၊ ရှုရိဘာသာစကားနှင့် ရေးသောလွှာစာကို၊ ပေရသိရှင်ဘုရင် အာတဇေရဇ်ထံသို့ ပေးလိုက်ကြ၏။
4:8 စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲတို့သည်၊ ယေရုရှလင်မြို့ကို ရန်ဘက်ပြုလျက်၊ အာတဇေရဇ်မင်းကြီးထံသို့ စာပေးလိုက်၍၊
4:9 စာတိုက်စိုးရေဟုံ၊ မြို့စာရေးရှိမရှဲနှင့် အခြားသောအပေါင်းအဖော်၊ ဒိနဲပြည်သား၊ အဖာသသက်ပြည်သား၊ တာပေလပြည်သား၊ အဖာရသပြည်သား၊ အာခေဝပြည်သား၊ ဗာဗုလုန်ပြည်သား၊ ရှုရှနက်ပြည်သား၊ ဒေဟဝပြည်သား၊ ဧလံပြည်သား အစရှိသော၊
4:10 ကြီးမြတ်သောမင်း အာသနပ္ပါဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့၌ နေရာချသောသူများနှင့်၊ မြစ်အနောက်ဘက်၌နေသော အခြားသူများတို့သည်၊ ဤမည်သော နေ့ရက်ကာလတွင်၊
4:11 အာတဇေရဇ်မင်းကြီးထံသို့ ပေးလိုက်သော စာဟူမူကား၊ မြစ်အနောက်ဘက်၌ နေသော ကိုယ်တော်ကျွန်တို့သည်၊ ဤမည်သော နေ့ရက်ကာလတွင် လျှောက်ပါ၏။
4:12 အထံတော်မှ ကျွန်တော်တို့ရှိရာသို့ ရောက်လာသောယုဒလူတို့သည် ဆိုးညစ်၍၊ ပုန်ကန်တတ်သောယေရုရှလင်မြို့ကို တည်လျက်၊ မြို့ရိုးအမြစ်ကိုချ၍ လက်စသတ်လုသည်ကို သိမှတ်တော်မူပါ။
4:13 ထိုမြို့ကို တည်ပြန်၍ မြို့ရိုးကိုလက်စသတ်လျှင်၊ ငွေတော်ခွဲခြင်းကို မခံ၊ အခွန်တော်အကောက်တော်ကို မပေးဘဲနေ၍၊ နိုင်ငံတော်အကျိုးနည်းပါလိမ့်မည်ကို သိမှတ်တော်မူပါ။
4:14 ကျွန်တော်တို့သည် ကျေးဇူးတော်အားဖြင့် အသက်မွေးရသောသူ ဖြစ်သည်နှင့်အညီ၊ ကိုယ်တော်၌ ဘုန်းတော်လျော့ကြောင်းကို ကြည့်၍မနေသင့်သောကြောင့်၊ ဘိုးတော်ဘေးတော်တို့၏ မှတ်စာကို စစ်ကြောတော်မူမည်အကြောင်း ဤလျှောက်စာကို ပေးလိုက်ပါ၏။
4:15 ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီးတတ်သောမြို့ ဖြစ်ဖူး၍၊ ရှေးကာလ၌ မြို့ထဲမှာ ပုန်ကန်သောအကြံကို အစဉ်ပြုစုသောကြောင့်၊ အတိုက်အဖျက် ခံရပါသည် အကြောင်းအရာများကို ထိုမှတ်စာ၌တွေ့၍ သိတော်မူပါလိမ့်မည်။
4:16 ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကို လက်စသတ်လျှင်၊ ကိုယ်တော်သည် မြစ်အနောက်ဘက်၌ အစိုးရတော်မမူကြောင်းကို ကျွန်တော်တို့ လျှောက်ထားပါသည်ဟု စာ၌ပါသတည်း။
4:17 ရှင်ဘုရင်သည် စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲ မှစ၍၊ ရှမာရိမြို့၌နေသော ထိုသူတို့၏ အပေါင်းအဖော်များ၊ မြစ်အနောက်ဘက်၌နေသော အခြားသူများတို့ရှိရာသို့ ပြန်ပေးလိုက်သော စာဟူမူကား၊
4:18 ဤမည်သော နေ့ရက်ကာလတွင်၊ ငါရေး၍ သင်တို့ချမ်းသာပါစေ။ ငါ့ထံသို့သင်တို့ ပေးလိုက်သောစာကို ငါ့ရှေ့မှာ အနက်ပြန်၍ ဖတ်ပြီ။
4:19 ငါမှာထားသည်အတိုင်း စစ်ကြောကြသောအခါ၊ ထိုမြို့သည် ရှေးကာလ၌ ရှင်ဘုရင်တို့ကို ပုန်ကန်ကြောင်း၊ မကောင်းသောအကြံကို ကြံတတ်သောမြို့၊ ပုန်ကန်တတ်သော မြို့ဖြစ်ကြောင်း၊
4:20 ငွေတော်ကိုခွဲလျက်၊ အခွန်တော်အကောက်တော်ကို ခံလျက်၊ မြစ်အနောက်ဘက် တစ်လျှောက်လုံးကိုအစိုးရ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင်မြို့၌ နေဖူးကြောင်းများကို သိရ၏။
4:21 သို့ဖြစ်၍ ငါသည်အခွင့်မပေးမီတိုင်အောင်၊ ထိုသူတို့သည် မြို့ကိုမတည်ဘဲ နေစေမည်အကြောင်း အမိန့်တော်ကိုဆင့်ဆိုကြလော့။
4:22 နိုင်ငံတော်အကျိုး မပျက်စီးစေခြင်းငှာ သတိပြု၍ ဤအမှုကို စေ့စေ့ကြည့်ရှုကြလော့ဟု မိန့်တော်မူ၏။
4:23 အာတဇေရဇ်မင်းကြီးစာကို ရေဟုံနှင့် မြို့စာရေးရှိမရှဲ အစရှိသော သူတို့အပေါင်းအဖော်ရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့သည် ယေရုရှလင်မြို့၊ ယုဒလူတို့ရှိရာသို့ အလျင်အမြန်သွား၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက် ဆီးတားကြ၏။
4:24 ထိုသို့ ယေရုရှလင်မြို့၏ ဗိမာန်တော်တည်ခြင်းအမှု ပြတ်၍၊ ပေရသိရှင်ဘုရင် ဒါရိနန်းစံနှစ်နှစ်တိုင်အောင် လက်စမသတ်ဘဲ နေလေ၏။