Ezra 8
8:1 အာတဇေရဇ်မင်းကြီး လက်ထက်၌၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့၏ သားစဉ်မြေးဆက်စာရင်း ဟူမူကား။
8:2 ဖိနဟတ်အမျိုး ဂေရရှုံ၊ ဣသမာအမျိုး ဒံယေလ၊ ဒါဝိဒ်အမျိုး ဟတ္တုတ်၊
8:3 ရှေခနိအမျိုး ဖာရုတ်အနွယ်ထဲက ဇာခရိနှင့် စာရင်းဝင်သူ ယောက်ျားပေါင်း တစ်ရာငါးကျိပ်။
8:4 ပါဟတ်မောဘအမျိုး၊ ဇေရာယသား ဧလျောနဲနှင့် ယောက်ျားပေါင်းနှစ်ရာ၊
8:5 ရှေခနိအမျိုး ယဟာဇေလသားနှင့် ယောက်ျားပေါင်းသုံးရာ၊
8:6 အာဒိန်အမျိုး ယောနသန်သား ဧဗက်နှင့် ယောက်ျားပေါင်းငါးကျိပ်၊
8:7 ဧလံအမျိုး၊ အာသလိသားယေရှာယနှင့် ယောက်ျားပေါင်းခုနစ်ကျိပ်၊
8:8 ရှေဖတိအမျိုး မိက္ခေလသား ဇေဗဒိနှင့် ယောက်ျားပေါင်းရှစ်ကျိပ်၊
8:9 ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်း နှစ်ရာတစ်ကျိပ်ရှစ်ယောက်၊
8:10 ရှေလောမိတ်အမျိုး၊ ယောသိဖိသားနှင့် ယောက်ျားပေါင်း တစ်ရာခြောက်ကျိပ်၊
8:11 ဗေဗဲအမျိုး၊ ဗေဗဲသားဇာခရိနှင့် ယောက်ျားပေါင်း နှစ်ကျိပ်ရှစ်ယောက်၊
8:12 အာဇဂဒ်အမျိုး၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်း တစ်ရာတစ်ကျိပ်၊
8:13 အဒေါနိကံအမျိုးသားတို့တွင်၊ နောက်ကျသောသူ၊ ဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့် ယောက်ျားပေါင်းခြောက်ကျိပ်၊
8:14 ဗိဂဝဲအမျိုးသား ဥသဲ၊ ဇဗ္ဗုဒ်နှင့် ယောက်ျားပေါင်း ခုနစ်ကျိပ်တည်း။
8:15 ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နားမှာ ငါစုဝေးစေ၍၊ သုံးရက်ပတ်လုံး တဲ၌နေကြ၏။ လူများနှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး၍၊ လေဝိသားတစ်ယောက်ကိုမျှ မတွေ့သောအခါ၊
8:16 လူကြီး ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊
8:17 ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့်စေလွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကိုဘုရားကျွန်တို့သည်၊ ငါတို့ဘုရားသခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှာ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။
8:18 ထိုသူတို့သည် ငါတို့၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့်၊ ဣသရေလသားလေဝိ၏သား မဟာလိအမျိုးသား၊ ပညာရှိတစ်ယောက်၊ ရှေရဘိနှင့် သူ၏ပေါက်ဖော် တစ်ကျိပ်ရှစ်ယောက်၊
8:19 ဟာရှဘိနှင့် မေရာရိအမျိုး ယေရှာယနှင့် သူ၏ပေါက်ဖော် နှစ်ကျိပ်၊
8:20 လေဝိသားတို့အမှုကို ဆောင်ရွက်စေခြင်းငှာ၊ ဒါဝိဒ်နှင့် မှူးတော်မတ်တော်ခန့်ထားသော ဘုရားကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ်ရာနှစ်ကျိပ်တို့ကို ခေါ်ခဲ့ကြ၏။
8:21 ထိုအခါ ဥစ္စာများမှစ၍ သူငယ်များနှင့်တကွ၊ ငါတို့သွားစရာ မှန်သောလမ်းကို ဘုရားသခင်၌ရှာ၍၊ ရှေ့တော်မှာ ခြိုးခြံစွာကျင့်ခြင်းငှာ၊ အဟာဝမြစ်နားတွင်၊ အစာရှောင်ရာအချိန်ကို ငါကြော်ငြာ၏။
8:22 အကြောင်းမူကား၊ ကျွန်တော်တို့ ဘုရားသခင်ကို ရှာသောသူအပေါင်းတို့သည်၊ တန်ခိုးကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူအပေါင်းတို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက်တော် သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသောကြောင့်၊ လမ်းတွင် ရန်သူလက်နှင့် လွတ်စေခြင်းငှာ၊ လိုက်၍ပို့ရသော စစ်သူရဲ၊ မြင်းစီးသူရဲ၊ တစ်တပ်ကို ရှင်ဘုရင်၌မတောင်းဝံ့၊ ရှက်ကြ၏။
8:23 ထိုအမှုကြောင့်၊ ငါတို့သည် အစာရှောင်၍၊ ငါတို့ဘုရားသခင်ကို ဆုတောင်းလျက်နေကြ၏။ ဘုရားသခင်လည်း နားထောင်တော်မူ၏။
8:24 ထိုအခါ ယဇ်ပုရောဟိတ်အကြီး တစ်ကျိပ်နှစ်ပါး၊ ရှေရဘိ၊ ဟာရှဘိနှင့် သူတို့ညီအစ်ကို တစ်ကျိပ်ကို ငါရွေးထားပြီးလျှင်၊
8:25 ရှင်ဘုရင်မှစ၍ အတွင်းဝန်၊ မှူးတော်မတ်တော်၊ စည်းဝေးသော ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ငါတို့၏ဘုရားသခင့် အိမ်တော်အဖို့ လှူသောပူဇော်သကာ၊ ရွှေ၊ ငွေ၊ တန်ဆာတည်းဟူသော၊
8:26 ငွေအခွက် ခြောက်ထောင်ငါးပိဿာ၊ ငွေတန်ဆာအခွက် တစ်ထောင်၊ ရွှေအခွက် တစ်ထောင်၊
8:27 ရွှေဒင်္ဂါး တစ်ထောင်အချိန်ရှိသော ရွှေအင်တုံနှစ်ဆယ်၊ ရွှေနှင့်အမျှမြတ်သော ရွှေကြေးဝါစစ်ဖလား နှစ်လုံးတို့ကို ငါချိန်၍အပ်လျက်၊
8:28 သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းကြ၏။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ၏။ ဤငွေနှင့် ဤရွှေသည်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသောစိတ်နှင့် လှူသောရွှေငွေဖြစ်၏။
8:29 ယေရုရှလင်မြို့၊ ထာဝရဘုရား၏ အိမ်တော်အခန်းတို့တွင် ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသရေလအဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မီတိုင်အောင် ကြည့်ရှုစောင့်ရှောက်ကြလော့ဟု မှာထား၏။
8:30 ထိုသို့ချိန်သော ရွှေ၊ ငွေတန်ဆာတို့ကို ယေရုရှလင်မြို့၊ ငါတို့၏ဘုရားသခင်အိမ်တော်သို့ ပို့ဆောင်ခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် ခံယူကြ၏။
8:31 ပထမလ တစ်ဆယ်နှစ်ရက်နေ့တွင်၊ ငါတို့သည် အဟာဝမြစ်မှထွက်၍၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်းနား၌ ချောင်း၍နေသော ရန်သူလက်မှ၊ ငါတို့၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက်၊
8:32 ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေကြ၏။
8:33 စတုတ္ထနေ့တွင် ငါတို့ဘုရားသခင်၏ အိမ်တော်၌၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇဗဒ်၊ ဗိနွိသားနောဒိတို့သည် ဝိုင်း၍ကြည့်ရှုလျက်၊
8:34 ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာရှိသမျှတို့ကို ရေတွက်ချိန်တွယ်၍ တစ်နေ့ချင်းတွင် အချိန်ပေါင်းကို မှတ်သားလေ၏။
8:35 သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာသော သူတို့သည်လည်း၊ ဣသရေလအမျိုးများတို့အဖို့ နွား တစ်ဆယ်နှစ်ကောင်၊ သိုးထီး ကိုးဆယ်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ် တစ်ဆယ်နှစ်ကောင်တို့ကို၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။
8:36 ရှင်ဘုရင်အမိန့်တော် အမှာတော်တို့ကို ကိုယ်စားတော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌အပ်၍၊ သူတို့သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။