Ezra 7
7:1 ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ်လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီး အာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ ဩဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာဇရိ၊ အာမရိ၊ အဟိတုတ်၊ ဇာဒုတ်၊ ရှလ္လုံ၊ ဟိလခိ၊ အာဇရိ၊ စရာယတို့မှ ဆင်းသက်သောသူ၊
7:6 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောဆရာ ဖြစ်သောသူဧဇရသည် ဗာဗုလုန်မြို့မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနားတော်မူ၏။
7:7 အာတဇေရဇ်မင်းကြီး နန်းစံခုနစ်နှစ်တွင်၊ အချို့သော ဣသရေလအမျိုးသား ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည်လည်း၊ ယေရုရှလင်မြို့သို့ လိုက်သွားကြ၏။
7:8 ရှင်ဘုရင်နန်းစံ ခုနစ်နှစ်၊ ပဉ္စမလတွင် ဧဇရသည် ယေရုရှလင်မြို့သို့ ရောက်လေ၏။
7:9 ပထမလ တစ်ရက်နေ့တွင်၊ ဗာဗုလုန်မြို့မှထွက်၍၊ ပဉ္စမလ တစ်ရက်နေ့တွင်၊ မိမိဘုရားသခင် တန်ခိုးကျေးဇူးတော်ကြောင့်၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။
7:10 အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူဖြစ်၏။
7:11 ထာဝရဘုရား၏ ပညတ်စကားနှင့် ဣသရေလအမျိုး၌ ထုံးဖွဲ့တော်မူချက်တို့ကို လေ့ကျက်သောဆရာ ယဇ်ပုရောဟိတ် ဧဇရအား၊ အာတဇေရဇ်မင်းကြီး ပေးတော်မူသော အမိန့်တော်စာချက် ဟူမူကား၊
7:12 ဘုရင်တို့၏ဘုရင် အာတဇေရဇ်သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့် တရားကျမ်းတတ်ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ၌ ခပ်သိမ်းသော မင်္ဂလာဖြစ်စေသောဟူ၍ ဤမည်သောကာလတွင် မှာလိုက်၏။
7:13 ငါ့နိုင်ငံ၌ရှိသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက် သွားချင်သောသူ ရှိသမျှတို့သည် သင်နှင့်အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ၏။
7:14 အကြောင်းမူကား၊ သင်၏ ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှာလည်းကောင်း၊
7:15 ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်းဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သော ရွှေငွေနှင့်တကွ၊
7:16 ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အဖို့ အလိုလိုလှူ၍ ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင်သွားစေခြင်းငှာလည်းကောင်း၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါး စေလွှတ်၏။
7:17 ထိုငွေကိုယူပြီးလျှင် နွား၊ သိုးထီး၊ သိုးသငယ်နှင့်တကွ၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို အလျင်အမြန်ဝယ်၍၊ ယေရုရှလင်မြို့၌ရှိသော သင်တို့၏ဘုရားအိမ်တော် ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။
7:18 ကျန်ကြွင်းသော ရွှေငွေကို သင်နှင့် သင့်ညီအစ်ကိုတို့ ပြုချင်သမျှအတိုင်း၊ သင်တို့၏ ဘုရားသခင် အလိုတော်နှင့်အညီ ပြုလော့။
7:19 သင်၏ဘုရား အိမ်တော်ဝတ်ပြုစရာဖို့ သင်၌အပ်ပေးသော တန်ဆာများကိုလည်း၊ ယေရုရှလင်မြို့၏ ဘုရားသခင့်ရှေ့တော်တွင် သိုထားလော့။
7:20 သင်၏ဘုရားသခင့် အိမ်တော်အဖို့ လိုသေးသောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာတော်ထဲက ထုတ်၍ဝယ်လော့။
7:21 ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်တရားကို လေ့ကျက်သောဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ တောင်းသမျှအတိုင်း၊
7:22 ငွေအခွက် တစ်ထောင်၊ ဂျုံဆန်ကောရ တစ်ရာ၊ စပျစ်ရည်ဗတ် တစ်ရာ၊ ဆီဗတ် တစ်ရာနှင့်တကွ ဆားမည်မျှမဆို၊ မြစ်အနောက်ဘက်၌နေသော အခွန်ဝန်အပေါင်းတို့သည် အလျင်အမြန်ပေးရမည်အကြောင်း၊ ငါရှင်ဘုရင် အာတဇေရဇ် အမိန့်တော်ရှိ၏။
7:23 ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း၊ ထိုဘုရားသခင်၏ အိမ်တော်အဖို့ ကြိုးစား၍လုပ်ဆောင်စေ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက်တော် သက်ရောက်ရမည်နည်း။
7:24 ထိုမှတစ်ပါး၊ ယဇ်ပုရောဟိတ် လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်၊ ဘုရားသခင်၏ အိမ်တော်အမှုစောင့် တစ်စုံတစ်ယောက်၌မျှ ငွေတော်ကို မခွဲစေနှင့်။ အခွန်တော်အကောက်တော်ကို မခံမယူစေနှင့်ဟု ငါမှာလိုက်၏။
7:25 သင်ဧဇရသည်လည်း၊ သင်၏ ဘုရားသခင့်တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှာလည်းကောင်း၊ မသိသောသူတို့ကို သွန်သင်စေခြင်းငှာလည်းကောင်း၊ မင်းများ၊ တရားသူကြီးများကို သင်၏ ဘုရားသခင့်ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။
7:26 သင်၏ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့်တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေသတ်ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူခြင်း၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစ်စုံတစ်ခုကို အလျင်အမြန်ခံစေဟု အမိန့်တော်စာ၌ပါသတည်း။
7:27 ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တင့်တယ်စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော၊ ရှင်ဘုရင်ရှေ့၊ အတွင်းဝန်များ၊ ဗိုလ်မင်းများရှေ့မှာ ငါ့အားအခွင့်ပေးတော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
7:28 ထိုသို့ ငါ၏ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့်၊ ငါသည် ခွန်အားရှိ၍ ငါနှင့်အတူ လိုက်သွားရသော ဣသရေလအမျိုး အကြီးအကဲတို့ကို စုဝေးစေ၏။