Nehemiah 1
1:1 ဟာခလိသား နေဟမိစကားဟူမူကား၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ ခိသလုလတွင်၊ ငါသည် ရှုရှန်နန်းတော်၌ ရှိနေစဉ်၊
1:2 ငါ့ညီ ဟာနန်နှင့် ယုဒလူအချို့တို့သည် ရောက်လာ၍၊ ငါသည် သိမ်းသွားခြင်းကို ခံရသော ယုဒလူစုထဲက လွတ်သောသူတို့၏ အကြောင်းအရာနှင့်၊ ယေရုရှလင်မြို့၏ အကြောင်းအရာကိုမေးမြန်းလျှင်၊
1:3 သူတို့က၊ သိမ်းသွားခြင်းကို ခံရသောလူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ကုန်ပြီဟု ပြန်ပြောကြ၏။
1:4 ထိုစကားကိုကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပတ္ထနာ ဟူမူကား၊
1:5 အိုကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရား၊ ကြီးမြတ်၍ ကြောက်မက်ဖွယ်သောဘုရား၊ ပညတ်တော်တို့ကို နှစ်သက်၍ ကျင့်စောင့်သော သူတို့နှင့်ဖွဲ့သော ကရုဏာပဋိညာဉ်ကို မဖျက်၊ တည်စေတော်မူသော ဘုရား၊
1:6 ကိုယ်တော်ကျွန် ဣသရေလအမျိုးသားတို့အဖို့၊ ရှေ့တော်၌ နေ့ညမပြတ် အကျွန်ုပ်ဆုတောင်း၍၊ ဣသရေလအမျိုးသားဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိသော အပြစ်များကို ဖော်ပြ၍ တောင်းပန်သော ကိုယ်တော်ကျွန်၏ ပတ္ထနာစကားကို ကြားခြင်းငှာ၊ ယခုနားထောင်၍ စေ့စေ့ကြည့်ရှုတော်မူပါ။
1:7 အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးတို့သည် ပြစ်မှားပါပြီ။ ကိုယ်တော်ကို ပြစ်မှား၍၊ အလွန်ဆိုးညစ်သော အမှုတို့ကို ပြုမိပါပြီ။ ကိုယ်တော်ကျွန်မောရှေ၌ ထားတော်မူသော ပညတ်တရား၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို မစောင့်ဘဲနေပါပြီ။
1:8 ကိုယ်တော်က၊ သင်တို့သည် လွန်ကျူးလျှင်၊ သင်တို့ကို တစ်ပါးအမျိုးသားတို့တွင် ငါကွဲပြားစေမည်။
1:9 တစ်ဖန် ငါ့ထံသို့ ပြန်လာ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်ပြန်လျှင်၊ မိုးကောင်းကင်အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ်က ငါသိမ်းယူ၍၊ ငါ့နာမတည်ရာဖို့ ငါရွေးချယ်သောအရပ်သို့ ဆောင်ခဲ့မည်ဟု ကိုယ်တော်ကျွန်မောရှေ၌ ထားတော်မူသော ကတိတော်ကို အောက်မေ့တော်မူပါ။
1:10 ယခုမှာ၊ ဤသူတို့သည် မဟာတန်ခိုးတော်နှင့် အားကြီးသောလက်တော်ဖြင့် ရွေးနုတ်တော်မူသော ကိုယ်တော်ကျွန်၊ ကိုယ်တော်လူမျိုး ဖြစ်ကြပါ၏။
1:11 အို ဘုရားရှင်၊ ကိုယ်တော်ကျွန်ပြုသော ပတ္ထနာစကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များပြုသော ပတ္ထနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ ကောင်ချီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင်ဘုရင်၏ ဖလားတော်ကိုင် ဖြစ်သတည်း။