Nehemiah 2
2:1 အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လတွင် ရှေ့တော်၌ တင်သောစပျစ်ရည်ကို ငါကိုင်၍ ဆက်လေ၏။
2:2 အထက်က တစ်ခါမျှ ရှေ့တော်၌ ညှိုးငယ်သောမျက်နှာကို မပြဖူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်းနည်းဟန် ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊
2:3 ငါသည် အလွန်ကြောက်၍၊ ရှင်ဘုရင် အသက်တော် အစဉ်အမြဲရှင်ပါစေ။ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့သည် ပျက်စီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော်သည် မျက်နှာမညှိုးငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော်၊
2:4 ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင်သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့ကို ကျွန်တော်ပြုစုရမည်အကြောင်း၊ ယုဒပြည်သို့ စေလွှတ်တော်မူပါဟု ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။
2:6 ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင်နေစဉ်၊ ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှကာလ ကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည်နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက်ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ်လိုက်တော်မူ၏။
2:7 တစ်ဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ်အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကိုမဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။
2:8 ဥယျာဉ်တော်မှူး အာသပ်သည် ဗိမာန်တော်ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဖို့လည်းကောင်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဖို့လည်းကောင်း၊ သစ်ကိုပေးရမည်အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော်မူ၏။
2:9 ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တို့ထံသို့ ငါရောက်၍ ရှင်ဘုရင်၏ အမိန့်တော်စာကို ပြ၏။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့်အတူ စေလွှတ်တော်မူသတည်း။
2:10 ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစုခြင်းငှာ၊ လူတစ်ယောက်လာကြောင်းကို၊ ဟောရနိလူ သမ္ဘာလတ်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့သည် ကြားသော်၊ အလွန်နှလုံးမသာ ရှိကြ၏။
2:11 ငါသည်လည်း၊ ယေရုရှလင်မြို့သို့ရောက်၍ သုံးရက်နေပြီးမှ၊
2:12 ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညအခါထ၍ ယေရုရှလင်မြို့အဖို့ ပြုခြင်းငှာ၊ ငါ၏ဘုရားသခင်သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတစ်ယောက်အားမျှ မပြော၊ ကိုယ်စီးသော မြင်းမှတစ်ပါး အဘယ်အရာမျှမပါဘဲ၊
2:13 ညအခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်းတစ်ဖက်တစ်ချက်၊ နောက်ချေးတံခါးတိုင်အောင် သွားသဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊
2:14 စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင်အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊
2:15 တစ်ဖန် ထိုည၌ ချောင်းနားတွင်လျှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့်လှည့်၍ ဝင်ပြန်လေ၏။
2:16 အဘယ်အရပ်သို့သွားသည်၊ အဘယ်သို့ပြုသည်ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သောသူ တစ်စုံတစ်ယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး။
2:17 နောက်တစ်ဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရုရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြကုန်အံ့ဟု သူတို့အားဆိုလျက်၊
2:18 ငါ၏ဘုရားသခင်သည် ငါ့အားပြုတော်မူသော ကျေးဇူးကိုလည်းကောင်း၊ ရှင်ဘုရင်မိန့်တော်မူသော စကားကိုလည်းကောင်း ကြားပြောလေသော်၊ သူတို့က၊ ငါတို့သည် ထ၍တည်ကြကုန်အံ့ဟု ဆိုလျက်၊ ထိုကောင်းမှုကို ပြီးစေခြင်းငှာ၊ တစ်ယောက်ကိုတစ်ယောက် နှိုးဆော်ကြ၏။
2:19 ထိုသတင်းကို ဟောရနိလူ သမ္ဘာလတ်၊ ကျွန်ခံသူ အမ္မုန်အမျိုးသားတောဘိ၊ အာရပ်အမျိုးသား ဂေရှင်တို့သည် ကြားလျှင်၊ ပြက်ရယ်ပြု၍ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လောဟု ကဲ့ရဲ့လျက်ဆိုကြ၏။
2:20 ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။