Nehemiah 4
4:1 ထိုသို့ ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာလတ်သည် သတင်းကြားသောအခါ၊ အလွန်ဒေါသအမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ရယ်ပြုလျက်၊
4:2 အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့စေမည်လော။ ယဇ်ပူဇော်မည်လော။ တစ်နေ့ချင်းတွင် လက်စသတ်မည်လော။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲကထုတ်၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို၏။
4:3 သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိကလည်း၊ သူတို့တည်သော ကျောက်ရိုးကို တောခွေးထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော၏။
4:4 အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင်တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။ သိမ်းသွားခြင်းကို ခံရာပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော။
4:5 သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ် မပြေပါစေနှင့်။ မြို့ရိုးကိုတည်သော သူတို့၏စိတ်ကို နာစေခြင်းငှာ၊ ပြောတတ်ကြပါသည်တကား။
4:6 သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ၏။ တည်လုပ်သော သူတို့သည် စေတနာကြီးသောကြောင့်၊ မြို့ပတ်လည် မြို့ရိုးအမြင့် တစ်ဝက်တိုင်အောင် ပြီးလေ၏။
4:7 ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသောအခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊
4:8 ယေရုရှလင်မြို့ကို စစ်ချီ၍တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။
4:9 သို့ရာတွင် ငါတို့သည် ငါတို့၏ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညမပြတ် ကင်းစောင့်ထားကြ၏။
4:10 ယုဒလူအချို့ကလည်း၊ ဝန်ထမ်းသော သူတို့သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီးအောင် မတတ်နိုင်ကြဟု ဆိုကြ၏။
4:11 ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။
4:12 သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ်ဆိုကြ၏။
4:13 ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်းလင်းသော အရပ်တို့၌ ဓား၊ လှံ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။
4:14 ထိုအမှုအလုံးစုံတို့ကို ကြည့်ရှုစီရင်ပြီးမှ မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဖွယ် ဖြစ်တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဖို့ တိုက်ကြလော့ဟု ဆို၏။
4:15 ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိသောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ၏။
4:16 နောက်မှ ငါ့ကျွန်တစ်ဝက်သည် အလုပ်လုပ်ကြ၏။ တစ်ဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။
4:17 မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကိုတင်သောသူ အပေါင်းတို့သည် လက်တစ်ဖက်နှင့် လုပ်ကြ၏။ လက်တစ်ဖက်နှင့် လက်နက်ကိုကိုင်ကြ၏။
4:18 တည်လုပ်သော သူအပေါင်းတို့သည်၊ ခါး၌ ဓားဆွဲလျက် တည်လုပ်ကြ၏။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ၏။
4:19 ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မြို့ရိုးပေါ်မှာ တစ်ယောက်တခြားစီ သူနှင့်ငါ ဝေးဝေးလုပ်ရ၏။
4:20 သို့ဖြစ်၍၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ်မှ၊ ငါတို့ထံသို့ စည်းဝေးကြ။ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်ဟု မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ငါဆို၏။
4:21 ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ၏။ လူတစ်ဝက်သည် မိုးလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။
4:22 ထိုအခါ၌လည်း၊ ငါက လူတိုင်း မိမိကျွန်နှင့်တကွ ညအချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညအခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အားဆို၏။
4:23 ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌လိုက်သော တပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲ နေရကြ၏။