Nehemiah 5
5:1 ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသားချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။
5:2 အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟု ဆိုကြ၏။
5:3 အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။
5:4 အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိစေခြင်းငှာ လယ်ယာဥယျာဉ်အတွက် ငွေကိုချေးယူပြီ။
5:5 ယခုမှာ ငါတို့ကိုယ်ခန္ဓာသည် အမျိုးသားချင်းတို့၏ ကိုယ်ခန္ဓာကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီးကဲ့သို့ ဖြစ်ကြ၏။ ငါတို့သားသမီးကို ရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှာ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့သည် သူတစ်ပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
5:6 ထိုသို့ အပြစ်တင်မြည်တမ်းသော စကားကို ငါသည်ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊
5:7 မှူးမတ်နှင့် မင်းအရာရှိတို့ကို ခေါ်၍၊ သင်တို့သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တစ်ဖက်၌ လူအများတို့ကို စုဝေးစေလျက်၊
5:8 တစ်ပါးအမျိုးသားတို့လက်၌ ကျွန်ခံသော ငါတို့ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တစ်ဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟု ဆိုလျှင်၊ သူတို့သည် ပြန်ပြောစရာမရှိ၊ တိတ်ဆိတ်စွာ နေကြ၏။
5:9 ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါတကား။ ငါတို့ ရန်သူဖြစ်သော တစ်ပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ်လော။
5:10 ငါနှင့် ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစားသောအမှုကို ပယ်ဖြတ်ကြပါလော့။
5:11 ယနေ့ပင် သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အိမ်ရာကိုလည်းကောင်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကိုလည်းကောင်း ပြန်ပေးကြပါလော့ဟု ဆိုသော်၊
5:12 သူတို့က ပြန်ပေးပါမည်။ ဘာမျှ မတောင်းမယူပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ကတိထားသည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကိုခေါ်၍ ကျိန်ဆိုစေပြီးမှ၊
5:13 ကိုယ်ခါးပိုက်ကို ခါလျက်၊ ကတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော်ထဲက ဤသို့ ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါပစ်လိုက်ခြင်းကို ခံရကြပါစေသောဟုဆို၍ စည်းဝေးသောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ကတိထားသည်အတိုင်း ပြုကြ၏။
5:14 ထိုမှတစ်ပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံ နှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ်တိုင်အောင်၊ တစ်ဆယ်နှစ်နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။
5:15 အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ်ရည်ကိုလည်းကောင်း၊ တစ်နေ့လျှင် ငွေလေးဆယ်ကိုလည်းကောင်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့ မပြု။
5:16 ထိုမှတစ်ပါး၊ ငါသည် မြို့ရိုးကိုအမြဲလုပ်၍ နေ၏။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ်၊ မြို့ရိုးတည်ခြင်းအမှုကိုသာ ဝိုင်းညီ၍ ကြိုးစားကြ၏။
5:17 ထိုမှတစ်ပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့လာသော တစ်ပါးအမျိုးသားကို မဆိုဘဲ၊ ယုဒအမျိုးသားတို့နှင့် မင်းအရာရှိ တစ်ရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။
5:18 နေ့တိုင်း ငါ့စားပွဲကို နွားတစ်ကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကို စီရင်ရ၏။ ဆယ်ရက်တစ်ခါ များစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက် ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်၌ရိက္ခာကို ငါမတောင်း။
5:19 အိုအကျွန်ုပ် ဘုရားသခင်၊ ဤလူတို့အဖို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မူပါ။