Nehemiah 6
6:1 ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော်လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သတင်းကြားသောအခါ၊
6:2 သမ္ဘာလတ်နှင့်ဂေရှင်တို့က လာပါ။ ဩနောချိုင့်တွင် ခေဖိရိမ်ရွာမှာ တွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ၍ ငါ့ကိုမှာလိုက်ကြ၏။
6:3 ငါကလည်း၊ ငါသည် ကြီးသောအမှုကို ဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော၏။
6:4 ထိုသို့ လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည်လည်း ယခင်ကဲ့သို့ ပြန်ပြော၏။
6:5 နောက်ပဉ္စမအကြိမ်၌ သမ္ဘာလတ်သည် ယခင်ကဲ့သို့ မိမိကျွန်ကို စေလွှတ်၍၊ ကျွန်တွင် တံဆိပ်မခတ်သောစာ ပါ၏။
6:6 စာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံ ရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီ သင်သည် ယုဒရှင်ဘုရင် ဖြစ်လိုသောငှာ၊ မြို့ရိုးကိုတည်၏။
6:7 ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကိုရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အား ကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။
6:8 ငါကလည်း၊ သင်ပြောသော စကားတစ်ခွန်းမျှမမှန်၊ ကိုယ်စိတ်ထဲမှာ အချည်းနှီး ထင်တတ်သည်ချည်းဟု စေလွှတ်၍ ပြန်ပြော၏။
6:9 အကြောင်းမူကား၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြလိမ့်မည်ဟု ဆိုလျက် ငါတို့ကို ခြိမ်းခြောက်ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါသာ၍အားရှိ၏။
6:10 ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာယ၏သား ရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင်၊ သူက ဘုရားသခင်၏အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော်တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့သောငှာ လာကြလိမ့်မည်။ ယနေ့ည၌ပင် လာကြလိမ့်မည်ဟု ဆို၏။
6:11 ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေးရမည်လော။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်းငှာ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော။ ငါမဝင်ဟု ပြန်ပြော၏။
6:12 ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့်သမ္ဘာလတ် ငှားသောကြောင့်၊ ထိုသို့ ငါ့တစ်ဖက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။
6:13 သူတို့သည် ငါ့ကို ကဲ့ရဲ့စရာအကြောင်း ရှိစေလျက်၊ ငါကြောက်၍ ထိုသို့ပြုသဖြင့်၊ ပြစ်မှားစေခြင်းငှာ ထိုသူကို ငှားကြ၏။
6:14 အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကိုလည်းကောင်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းခြောက်သော ပရောဖက်တို့ကိုလည်းကောင်း မှတ်တော်မူပါ။
6:15 အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလ လနှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။
6:16 ထိုသတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်လည်ဝန်းကျင်၌ နေသော တစ်ပါးအမျိုးသား အပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့်အခွင့်နှင့် ပြီးကြောင်းကို ရိပ်မိကြ၏။
6:17 ထိုကာလတွင်၊ ယုဒမှူးမတ်တို့သည် များစွာသော မေတ္တာစာကို တောဘိထံသို့ပေးလိုက်၍၊ တောဘိပြန်ပေးသော စာအများကိုလည်း ရကြ၏။
6:18 တောဘိသည် အာရာသား ရှေကနိ၏သမက် ဖြစ်သောကြောင့်လည်းကောင်း၊ သူ၏သား ယောဟနန်သည် ဗေရခိသား မေရှုလံသမီးနှင့် စုံဖက်သောကြောင့်လည်းကောင်း၊ ယုဒလူအများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။
6:19 သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အားပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ၏။ သူသည်လည်း ငါကြောက်စေခြင်းငှာ စာပေးလိုက်လေ၏။