Esther 2
2:1 တစ်ဖန် ရှင်ဘုရင်အာရွှေရုသည် စိတ်တော်ပြေသောအခါ၊ ဝါရှတိကိုလည်းကောင်း၊ သူပြုသောအမှုနှင့် သူ့တစ်ဖက်၌စီရင်သော အမှုကိုလည်းကောင်း အောက်မေ့တော်မူ၏။
2:2 အထံတော်၌ ခစားသော ကျွန်တော်တို့ကလည်း၊ အဆင်းလှသော သမီးကညာတို့ကို အရှင်မင်းကြီးအဖို့ ရှာရပါမည်အကြောင်း အခွင့်ပေးတော်မူပါ။
2:3 အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ၍၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ်ဟေဂဲ၌ အပ်စေခြင်းငှာ၊ နိုင်ငံတော် အတိုင်းတိုင်းအပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ။ စင်ကြယ်စေခြင်းငှာ ဆေးမျိုးကို အပ်ပေးတော်မူပါ။
2:4 နှစ်သက်တော်မူသော သမီးကညာကို မိဖုရားဝါရှတိအရာ၌ ခန့်ထားတော်မူပါဟု လျှောက်သောစကားကို ရှင်ဘုရင်နှစ်သက်၍ ထိုသို့ စီရင်တော်မူ၏။
2:5 ထိုကာလတွင် ရှုရှန်မြို့တော်၌၊ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည်ရှိသော ယုဒလူတစ်ယောက်ရှိ၏။
2:6 ထိုသူသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားသော ယုဒရှင်ဘုရင် ယေခေါနိမှစ၍၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရသောလူစု၌ ပါသတည်း။
2:7 ထိုသူသည် ဘထွေးသမီး ဟဒဿတည်းဟူသော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘသေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။
2:8 ရှင်ဘုရင် အမိန့်တော်ကိုထုတ်၍ ကျော်သောအခါ၊ အပျိုများတို့ကို ရှုရှန်နန်းတော်သို့ စုဝေးစေ၍၊ မိန်းမစိုးဟေဂဲ၌ အပ်ရာတွင်၊ ဧသတာကိုလည်း နန်းတော်သို့ ခေါ်ဆောင်၍ ဟေဂဲ၌ အပ်ကြ၏။
2:9 ဧသတာသည် ဟေဂဲစိတ်နှင့်တွေ့၍ မျက်နှာရသဖြင့်၊ ဟေဂဲသည် စင်ကြယ်စေသောဆေးမျိုးနှင့် ပေးရသော အဝတ်အစားကို အလျင်အမြန်ပေး၏။ နန်းတော်၌ ရွေးကောက်သော ကျွန်မခုနစ်ယောက်တို့ကိုလည်း ပေး၍၊ ဧသတာနှင့် သူ၏ကျွန်မတို့ကို အပျိုတော်နန်းတွင် အမြတ်ဆုံးသောနေရာ၌ ချီးမြှောက်လေ၏။
2:10 ဧသတာသည် မိမိအမျိုးနှင့် မိမိဆွေညာတကာကို မဖော်မပြမည်အကြောင်း၊ မော်ဒကဲ သတိပေးသည်အတိုင်း မဖော်မပြဘဲ နေ၏။
2:11 ဧသတာသည် အဘယ်သို့ရှိသည်ကိုလည်းကောင်း၊ သူ၌ အဘယ်သို့ ပြုကြလိမ့်မည်ကိုလည်းကောင်း၊ မော်ဒကဲသည် သိခြင်းငှာ အပျိုတော်နန်းဝင်းရှေ့မှာ နေ့တိုင်းသွားလာ၏။
2:12 ထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တစ်နှစ်စေ့သောအခါ တစ်ယောက်နောက်တစ်ယောက် အလှည့်သင့်သည်အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လပတ်လုံး မုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုး အစရှိသော စင်ကြယ်စေသော ဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု ပြီးသည်တိုင်အောင် ထိုမျှကာလကို လွန်စေရ၏။
2:13 ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ၊ အလိုရှိသမျှတို့ကို တောင်း၍၊ အပျိုတော်နန်းမှ ရှင်ဘုရင်နန်းတော်သို့ ယူသွားရ၏။
2:14 ညဥ့်ဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော်မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယမိန်းမနန်းသို့ ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တစ်ဖန် အထံတော်သို့မဝင်ရ။
2:15 မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင်ထံသို့ ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတစ်ပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် ချစ်တတ်ကြ၏။
2:16 ထိုသို့ ရှင်ဘုရင်အာရွှေရုသည် နန်းစံခုနစ်နှစ်၊ တေဗက်အမည်ရှိသော ဒသမလတွင်၊ ဧသတာကို နန်းတော်၌ သိမ်းတော်မူပြီးလျှင်၊
2:17 အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမတကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍ မိဖုရားဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။
2:18 ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီးသောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဖို့ လုပ်သဖြင့်၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ်၍၊ စည်းစိမ်တော်နှင့်လျော်စွာ ဆုချတော်မူ၏။
2:19 သမီးကညာတို့သည် ဒုတိယအချိန်၌ စုဝေးသောအခါ၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်၏။
2:20 ဧသတာသည် မော်ဒကဲထံ မွေးမြူခြင်းကိုခံ၍ နေစဉ်အခါ၊ သူ၏စကားကို နားထောင်သည်နည်းတူ နားထောင်သေးသည်ဖြစ်၍၊ မော်ဒကဲသတိပေးသည်အတိုင်း၊ မိမိအမျိုး၊ မိမိဆွေညာတကာတို့ကို မဖော်မပြဘဲ နေသတည်း။
2:21 ထိုကာလတွင်၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်စဉ်၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင်အာရွှေရုကို လုပ်ကြံမည်ဟု အားထုတ်ကြ၏။
2:22 ထိုအမှုကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ဖော်ပြ၏။ ထိုသို့ မော်ဒကဲဖော်ပြကြောင်းကို ဧသတာသည် ရှင်ဘုရင်အား လျှောက်လေ၏။
2:23 ထိုအမှုကို စစ်ကြော၍ အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်ရှေ့၊ နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း။