Esther 3
3:1 ထိုနောက်မှ ရှင်ဘုရင်အာရွှေရုသည် အာဂတ်အမျိုး၊ ဟမ္မေဒါသသားဟာမန်ကို ချီးမြှောက်၍၊ အထံတော်၌ရှိသော မှူးမတ်အပေါင်းတို့ထက် သာ၍မြင့်မြတ်သော နေရာကို ပေးတော်မူ၏။
3:2 နန်းတော်တံခါးသို့ရောက်သော ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်၊ အမိန့်တော်ရှိသည်အတိုင်း ဟာမန်ကို ဦးချရှိခိုးကြ၏။ မော်ဒကဲမူကား ဦးမချ၊ ရှိမခိုး။
3:3 နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင်၏ကျွန်တို့က၊ သင်သည် ရှင်ဘုရင်အမိန့်တော်ကို အဘယ်ကြောင့် ငြင်းဆန်သနည်းဟု နေ့တိုင်း မော်ဒကဲအား မေးမြန်းသတိပေးသော်လည်း၊
3:4 မော်ဒကဲက၊ ငါသည် ယုဒလူဖြစ်သည်ဟု ပြန်ပြော၍၊ သူတို့စကားကို နားမထောင်သောကြောင့်၊ သူတို့သည် မော်ဒကဲစကားတည်မည်၊ မတည်မည်ကို သိလိုသောငှာ၊ ဟာမန်အား ကြားပြောကြ၏။
3:5 ထိုသို့ မော်ဒကဲသည် ဦးမချ၊ ရှိမခိုးဘဲ နေကြောင်းကို ဟာမန် သိမြင်သောအခါ၊ အလွန်အမျက်ထွက်၍၊
3:6 သူတို့သည် မော်ဒကဲအမျိုးကို ဖော်ပြသောကြောင့်၊ မော်ဒကဲတစ်ယောက်တည်းကို ကွပ်မျက်လျှင်၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲအမျိုးသားချင်း တည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ်၌ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှာ ရှာကြံလေ၏။
3:7 ထိုကြောင့် အာရွှေရုနန်းစံဆယ်နှစ်နှစ်၊ နိသန် အမည်ရှိသော ပထမလတွင်၊ နေ့ရက်အစဉ်၊ လအစဉ် အတိုင်းလိုက်၍၊ အာဒါအမည်ရှိသော ဒွါဒသမလတိုင်အောင်၊ ဟာမန်ရှေ့မှာ ပုရစာရေးတံချကြ၏။
3:8 တစ်ဖန် ဟာမန်သည် ရှင်ဘုရင်အာရွှေရုထံတော်သို့ ဝင်၍၊ အခြားတစ်ပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာထုံးတမ်းမတူ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုးတစ်မျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော်မရှိပါ။
3:9 ကိုယ်တော်သဘောတူလျှင် ထိုအမျိုးကို ဖျက်ဆီးစေဟု အမိန့်ရှိတော်မူပါ။ ထိုအမှုကို ဆောင်ရွက်သော သူတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ ငွေအခွက်တစ်သိန်းကို သွင်းစေခြင်းငှာ၊ ကျွန်တော်အပ်ပေးပါမည်ဟု လျှောက်လေ၏။
3:10 ရှင်ဘုရင်ကလည်း၊ ထိုငွေကို သင့်အားငါပေး၏။
3:11 ထိုလူမျိုးကိုလည်း သင်သည် ပြုချင်သမျှ ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သင်၌ငါအပ်သည်ဟု လက်စွပ်တော်ကိုချွတ်၍ ယုဒအမျိုး၏ ရန်သူဖြစ်သော အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်အား ပေးတော်မူ၏။
3:12 ထိုအခါ ပထမလ တစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုးပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏အမိန့်တော်ကို စာရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။
3:13 အာဒါအမည်ရှိသော ဒွါဒသမလ တစ်ဆယ်သုံးရက် တစ်နေ့ချင်းတွင်၊ ယုဒလူအကြီးအငယ် မိန်းမ ကလေးရှိရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးစေခြင်းငှာ၊ အမိန့်တော်စာကို စာပို့လုလင်တို့ဖြင့် နိုင်ငံတော်အပြည်ပြည်သို့ ပေးလိုက်လေ၏။
3:14 ဤရွေ့ကား၊ လူအမျိုးမျိုးတို့သည် ထိုနေ့ရက်တွင် အသင့်ရှိစေခြင်းငှာ၊ အတိုင်းတိုင်းအပြည်ပြည်၌ ကြော်ငြာရသော အမိန့်တော်စာချက် ဖြစ်သတည်း။
3:15 ရှုရှန်နန်းတော်၌ ထိုအမိန့်တော်စာကို ကြော်ငြာပြီးမှ၊ ရှင်ဘုရင် စီရင်သည်အတိုင်း၊ စာပို့လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။ ရှင်ဘုရင်နှင့် ဟာမန်သည် စပျစ်ရည်သောက်ပွဲ၌ ထိုင်၍၊ ရှုရှန်မြို့တော်သည် ဆင်းရဲခြင်းသို့ ရောက်သတည်း။