Esther 6
6:1 ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်သောကြောင့်၊ နန်းတော်မှတ်စာကိုယူခဲ့ဟု မိန့်တော်မူ၍ ရှေ့တော်၌ ဖတ်ရကြ၏။
6:2 ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု ရှာကြံသော နန်းတော်မိန်းမစိုး၊ တံခါးစောင့်နှစ်ယောက်၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲဖော်ပြကြောင်းကို တွေ့လျှင်၊
6:3 ရှင်ဘုရင်က၊ ထိုအကြံကို ဖော်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆု အဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့က၊ အဘယ်ဆုကိုမျှ ပေးတော်မမူပါသေးဟု ပြန်လျှောက်ကြ၏။
6:4 ရှင်ဘုရင်ကလည်း၊ တံတိုင်းတွင်း၌ အဘယ်သူရှိသနည်းဟု မေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့်သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည်အကြောင်း၊ နန်းတော်ပြင် တံတိုင်းတွင်းသို့ ဝင်မိသည်ဖြစ်၍၊
6:5 ရှင်ဘုရင်၏ ကျွန်တို့က၊ ဟာမန်သည် တံတိုင်းတော်တွင်း၌ရှိပါ၏ဟု လျှောက်ကြသော်၊ အထဲသို့ဝင်စေဟု မိန့်တော်မူ၏။
6:6 ဟာမန်သည် ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသောသူ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင်၊ ဟာမန်က ငါမှတစ်ပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသောသူ တစ်စုံတစ်ယောက် ရှိနိုင်သလောဟု စိတ်ထဲမှာအောက်မေ့လျက်၊
6:7 ရှင်ဘုရင်ချီးမြှောက်ခြင်းငှာ အလိုတော်ရှိသောသူအဖို့၊
6:8 ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက်တန်ဆာ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော်၊ ဆောင်းတော်မူသော ရာဇသရဖူကိုယူခဲ့၍၊
6:9 ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီးသော မှူးတော်မတ်တော်တစ်ပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှာ၊ အလိုတော်ရှိသောသူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီးလျှင်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှာ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန်လျှောက်လေ၏။
6:10 ထိုအခါ ရှင်ဘုရင်က၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား၍၊ အဝတ်တန်ဆာနှင့် မြင်းတော်ကိုယူပြီးလျှင်၊ ယုဒအမျိုးသား၊ နန်းတော်တံခါးမှူး မော်ဒကဲ၌ ပြုလော့။ သင်ပြောသမျှတွင်၊ တစ်စုံတစ်ခုမျှ မလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ၏။
6:11 ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကိုယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှာ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။
6:12 သို့ပြီးမှ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကိုခြုံလျက်၊ မိမိအိမ်သို့ အလျင်အမြန်သွားပြီးလျှင်၊
6:13 မိမိ၌ဖြစ်လေသမျှကို မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက်နှင့် ဟာမန်၏အဆွေ ပညာရှိတို့ကလည်း၊ ကိုယ်တော်ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ်တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည်ဟု ပြန်ပြောကြ၏။
6:14 ထိုသို့ပြောဆိုစဉ်တွင်၊ နန်းတော်မိန်းမစိုးတို့သည် လာ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင်အမြန် ခေါ်သွားကြ၏။