Esther 5
5:1 သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မ တစ်ဖက်တစ်ချက်၊ နန်းတော်အတွင်း တံတိုင်းထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါး တစ်ဖက်တစ်ချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။
5:2 မိဖုရားဧသတာသည် တံတိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်သည်မြင်လျှင်၊ နူးညွတ်သောစိတ်ရှိ၍ လက်တော်၌ပါသော ရွှေရာဇလှံတံကို၊ ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည် ချဉ်းကပ်၍ ရာဇလှံတံတော်အထွဋ်ကို တို့လေ၏။
5:3 ရှင်ဘုရင်ကလည်း၊ မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တစ်ဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊
5:4 ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဖို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ ကြွတော်မူပါဟု လျှောက်သော်၊
5:5 ရှင်ဘုရင်က၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှာ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့်၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ရှင်ဘုရင်ကြွတော်မူ၏။
5:6 တစ်ဖန် စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော်တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ဧသတာအားမိန့်တော်မူလျှင်၊
5:7 ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆု ဟူမူကား၊
5:8 ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆုကို ပေးသနားခြင်းငှာ အရှင်မင်းကြီး အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မပြင်ဆင်သောပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တစ်ဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြုပါမည်ဟု ပြန်လျှောက်လေ၏။
5:9 ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်းသော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝမှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေသည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက်ထွက်လေ၏။
5:10 သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊
5:11 မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော်မတ်တော် ကျွန်တော်မျိုးများထက် သာ၍မြတ်သောအရာ၌ ခန့်ထားတော်မူကြောင်းများကို ဖော်ပြလျက်၊
5:12 မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတစ်ပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူ မဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကိုဖိတ်ပြန်၏။
5:13 သို့ရာတွင်၊ ယုဒလူမော်ဒကဲသည် နန်းတော်တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလပတ်လုံး၊ ယခုဖော်ပြသမျှတို့သည် ငါ၌ကျေးဇူးမရှိဟု ဆို၏။
5:14 ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌မော်ဒကဲကိုလည်ဆွဲချစေမည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက်မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲချတိုင်ကို လုပ်စေ၏။