Esther 8
8:1 ထိုနေ့ချင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒအမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါက်ဖော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ ဝင်ရ၏။
8:2 ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှနုတ်သော လက်စွပ်တော်ကို တစ်ဖန်ချွတ်၍ မော်ဒကဲအား ပေးတော်မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ်လေ၏။
8:3 တစ်ဖန် ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း၌ ပျပ်ဝပ်၍၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ်၊ ယုဒအမျိုးတစ်ဖက်၌ ကြံစည်သောအကြံအစည်ကို ပယ်တော်မူမည်အကြောင်း၊ မျက်ရည်ကျလျက် တောင်းပန်လေ၏။
8:4 ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည်ထ၍ ရှင်ဘုရင်ရှေ့တော်၌ ရပ်လျက်၊
8:5 အရှင်မင်းကြီး အလိုတော်ရှိ၍၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအမှုသည် ရှေ့တော်၌ လျောက်ပတ်၍ ကိုယ်တော်သည် ကျွန်တော်မကိုလည်း ချစ်တော်မူလျှင်လည်းကောင်း၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း၊ ထပ်၍ စာရေးစေတော်မူပါ။
8:6 ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကိုလည်းကောင်း၊ ကျွန်တော်မအမျိုးသားချင်း ပျက်စီးသော အမှုကိုလည်းကောင်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှာ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။
8:7 ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို မိဖုရားဧသတာအား ငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။
8:8 သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ်သော ရှင်ဘုရင် အမိန့်တော်စာကို အဘယ်သူမျှ မပယ်ရသည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဖို့ အမိန့်တော်စာကို တစ်ဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ်ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
8:9 ထိုအခါ သိဝန်အမည်ရှိသော တတိယလ နှစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တစ်ရာနှစ်ဆယ် ခုနစ်ပြည်တို့၌ရှိသော ယုဒလူ၊ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲ မှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကား အသီးအသီးအားဖြင့်၊
8:10 ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကိုရေး၍ ရှင်ဘုရင်လက်စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ၊ မြင်း၊ လား၊ ကုလားအုတ်၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက်လေ၏။
8:11 အမိန့်တော်စာချက်ဟူမူကား၊ အာဒါအမည်ရှိသော ဒွါဒသမလ တစ်ဆယ်သုံးရက် တစ်နေ့ချင်းတွင်၊
8:12 နိုင်ငံတော် အတိုင်းတိုင်း အပြည်ပြည် အမြို့မြို့၌ရှိသော ယုဒလူတို့သည် စုဝေး၍၊ မိမိတို့အသက်ကို စောင့်ရသောအခွင့်၊ တိုက်လာသောပြည်သူ၊ စစ်သူရဲအပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ်သုတ်သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးရသောအခွင့်ကို ရှင်ဘုရင်ပေးတော်မူ၏။
8:13 ဤရွေ့ကား၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှာ၊ အတိုင်းတိုင်း အပြည်ပြည်၌နေသော လူမျိုးအပေါင်းတို့အား ကြော်ငြာရသော အမိန့်တော်စာချက် ဖြစ်သတည်း။
8:14 ထိုအမိန့်တော်စာကို ရှုရှန်နန်းတော်၌ ကြော်ငြာပြီးမှ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။
8:15 မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသောအထည်ဖြင့်ပြီးသော ဝတ်လုံကိုခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊
8:16 ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏။ ယုဒလူတို့သည်လည်း၊ သက်သာရွှင်လန်း၍ ဝမ်းမြောက်ခြင်း၊ အသရေထွန်းလင်းခြင်းသို့ ရောက်ကြ၏။
8:17 ရှင်ဘုရင်အမိန့်တော်စာ ရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင့်ခြင်းကို ပြု၍၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံသောကြောင့် ယုဒဘာသာကိုဝင်ကြ၏။