Esther 9
9:1 ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသောအချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က၊ ငါတို့နိုင်မည်ဟု မျှော်လင့်သောနေ့၊ အမှုပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသောသူတို့ကို နိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလ တစ်ဆယ်သုံးရက်နေ့တွင်၊
9:2 ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှာ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲ နေကြ၏။
9:3 အပြည်ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော်မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိအပေါင်းတို့သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏။
9:4 အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော်တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပြည်ပြည်၌ သတင်းနှံ့ပြား၍၊ တစ်နေ့ထက်တစ်နေ့ ကြီးမြင့်ရာသို့ ရောက်သတည်း။
9:5 ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ဓားနှင့်လုပ်ကြံသတ်ဖြတ် ဖျက်ဆီး၍၊ မနာလိုသောသူတို့၌ ပြုချင်သမျှပြုကြ၏။
9:6 ရှုရှန်မြို့တော်၌ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ်ကြ၏။
9:7 ယုဒအမျိုး၏ရန်သူ ဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တစ်ကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ အရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။
9:11 ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်းကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။
9:12 ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒလူတို့သည် ရှုရှန်မြို့တော်၌ ဟာမန်သားတစ်ကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလို ရှိသေးသနည်း။ အလိုရှိသည်အတိုင်း ငါပြုမည်။ အဘယ်ဆုကို တောင်းချင်သေးသနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊
9:13 ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော်အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတစ်ကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊
9:14 ရှင်ဘုရင်မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့်တော်ကို ထုတ်ပြီးမှ၊ ဟာမန်သားတစ်ကျိပ်ကို ဆွဲထားကြ၏။
9:15 ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတစ်ဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။
9:16 နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလ တစ်ဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူ ခုနစ်သောင်းငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။
9:17 ထိုလ တစ်ဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှာ စောင့်ရှောက်ကြ၏။
9:18 ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တစ်ဆယ်သုံးရက်နေ့နှင့် တစ်ဆယ်လေးရက်နေ့တွင်း စုဝေးကြ၏။ တစ်ဆယ်ငါးရက် မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှာ စောင့်ရှောက်ကြ၏။
9:19 မြို့ရိုးမရှိသောရွာတို့၌နေသော ယုဒလူတို့သည်လည်း၊ အာဒါလ တစ်ဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်ရာနေ့ ဖြစ်စေကြ၏။
9:20 တစ်ဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။
9:21 ယုဒလူတို့သည် ရန်သူလက်မှလွတ်၍ ချမ်းသာရသောနေ့၊ သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေ့ခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တစ်ဆယ်လေးရက်နှင့် တစ်ဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေသော ထုံးစံကို စီရင်ခြင်းငှာ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံတော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်းတို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။
9:23 ယုဒလူတို့သည်လည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက်သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။
9:24 ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ်အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှာ ပုရစာရေးတံ ချသောကြောင့်လည်းကောင်း၊
9:25 ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒလူတို့တစ်ဖက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့်သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍လည်းကောင်း၊
9:26 ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကိုထောက်လျက်၊
9:27 ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကို နှစ်တိုင်းအစဉ်မပြတ် စောင့်မည်အကြောင်း၊
9:28 ထိုပုရနေ့တို့သည် ယုဒအမျိုး၌ မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌နေသော အဆွေအမျိုးအသီးအသီး အစဉ်အဆက်တို့သည် အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။
9:29 ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည်၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှာ ကျပ်တည်းစွာ အာဏာထား၍ မှာစာကို တစ်ဖန်ရေးထားကြ၏။
9:30 ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာမှာထား၍၊ ယုဒလူတို့သည် ကိုယ်အဖို့နှင့် သားစဉ်မြေးဆက်အဖို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှာ၊ အာရွှေရုနိုင်ငံတော်တွင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူအပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။
9:32 ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။