Job 1
1:1 ယောဘအမည်ရှိသောသူ တစ်ယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
1:2 သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
1:3 သူ၏ဥစ္စာကား၊ သိုး ခုနစ်ထောင်၊ ကုလားအုတ် သုံးထောင်၊ နွားယှဉ် ငါးရာ၊ မြည်းမ ငါးရာ၊ ငယ်သားအတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာ အရပ်သားတကာတို့ထက် သာ၍ကြီးသောသူ ဖြစ်၏။
1:4 ယောဘ၏သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသော နေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်း ခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။
1:5 ပွဲခံသောနေ့ရက် လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။
1:6 ဘုရားသခင်၏သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍ လာ၏။
1:7 ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်က လာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
1:8 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အားမိန့်တော်မူ၏။
1:9 စာတန်ကလည်း၊ ယောဘသည်အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။
1:10 ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
1:11 ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
1:12 ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တစ်ခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
1:13 တစ်နေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင် စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊
1:14 ယောဘထံသို့ တစ်မန်တစ်ယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာ မြည်းမတို့သည် ကျက်စားလျက်ရှိကြသောအခါ၊
1:15 ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
1:16 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ဘုရားသခင်၏မီးသည် မိုးကောင်းကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍ သူတို့သည် ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
1:17 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ်တို့သည် ချီ၍ ကုလားအုတ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
1:18 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကိုသောက်လျက် နေကြသောအခါ၊
1:19 တောမှ လေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
1:20 ထိုအခါ ယောဘသည်ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏။
1:21 အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
1:22 ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲ နေ၏။