Job 2
2:1 တစ်ဖန် ဘုရားသခင်၏သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ လာရသောနေ့ရက်အချိန်ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ သူတို့နှင့်အတူလာ၏။
2:2 ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
2:3 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုပျက်စီးစေခြင်းငှာ သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
2:4 စာတန်ကလည်း၊ အရေဖို့အရေဟု ဆိုသကဲ့သို့၊ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်။
2:5 ယခုတစ်ဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့်သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
2:6 ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ရှိ၏။ သူ့အသက်တစ်ခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊
2:7 စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
2:8 ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
2:9 ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။
2:10 ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟု ဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။
2:11 ထိုအခါ တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာတည်းဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သတင်းကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
2:12 ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကိုမသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ ကျရောက်စေခြင်းငှာ၊ မိုးကောင်းကင်သို့ ပစ်တင်ကြ၏။
2:13 ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူ မြေပေါ်မှာထိုင်၍၊ သူသည် ပြင်းစွာသောဆင်းရဲ ခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲ နေကြ၏။