Job 18
18:1 တစ်ဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည်ကား၊
18:2 ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည်နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြမည်။
18:3 သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့်မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။
18:4 အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။
18:5 အကယ်စင်စစ် ဆိုးသောသူ၏အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံ မတောက်ရ။
18:6 သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။
18:7 ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။
18:8 ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။
18:9 ဂိုင်းပြုတ်၍ ခြေကိုမိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။
18:10 မြေ၌ဂျမ်းကြိုးကို သူ့အဖို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။
18:11 ကြောက်မက်ဖွယ်သော အခြင်းအရာတို့သည်ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။
18:12 သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်းဘေးနှင့် တွေ့လုလျက်ရှိ၏။
18:13 ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။
18:14 သူခိုလှုံရာအကြောင်းကို သူ၏နေရာမှပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ရှင်ဘုရင်ထံသို့ ဆောင်သွားရ၏။
18:15 သူ၏နေရာ၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည်။
18:16 သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။
18:17 မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ်ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။
18:18 သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှနှင်ထုတ်ရ၏။
18:19 သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူအိမ်သားတစ်ယောက်မျှ မကျန်ရစ်ရ။
18:20 သူ၏လက်ထက်၌ရှိသောသူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။
18:21 အကယ်စင်စစ် ဆိုးသောသူ၏နေရာသည် ထိုသို့သော လက္ခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူသည် ထိုသို့သောနေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။