Job 23
23:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခုငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည် သာ၍ပြင်းပါ၏။
23:3 ဘုရားသခင်ကို တွေ့နိုင်သောအရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။
23:4 ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသော အကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။
23:5 ငါ့အား ပြန်ပြောမိန့်မြွက်တော်မူသောစကားတော်ကို ငါသိနားလည်ရ၏။
23:6 မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရားတွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင်တော်မူမည်။
23:7 ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသောအခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ်ရှင်းလင်းစေတော်မူမည်။
23:8 ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊
23:9 လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကိုမဖူးမတွေ့ရ။ လက်ယာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။
23:10 သို့သော်လည်း ငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။
23:11 ခြေတော်ရာကို အစဉ်တစိုက်ငါလျှောက်သွား၍၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ၏။
23:12 ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက်စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏။
23:13 သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည်နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။
23:14 ငါ့အငန်းအတာကို စီရင်တော်မူ၏။ ထိုသို့သော အကြံအစည်တော်အများ ရှိကြ၏။
23:15 ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။
23:16 ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှာလည်းကောင်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။
23:17 အကြောင်းမူကား၊ မှောင်မိုက်မရောက်မီ ငါ့ကိုပယ်ရှင်းတော်မမူ၊ ထူထပ်သောမှောင်မိုက်မှ ငါ့ကိုကွယ်ကာတော်မမူပါတကား။