Job 24
24:1 အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့်ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သောသူတို့သည် တရားစီရင်တော်မူရာနေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။
24:2 အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတစ်ပါး၏သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဖို့ ထိန်းကျောင်းကြ၏။
24:3 မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုဆိုးမ၏နွားကို အပေါင်ယူကြ၏။
24:4 ငတ်မွတ်သောသူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက်နေရကြ၏။
24:5 သူတို့သည် အလုပ်လုပ်ခြင်းငှာ တော၌ရိုင်းသောမြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှာ နံနက်စောစောသွား၍၊ ကိုယ်အဖို့နှင့် သားသမီးတို့အဖို့ကို တော၌တွေ့ရကြ၏။
24:6 လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။
24:7 ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်း အိပ်ရကြ၏။
24:8 တည်းခိုစရာ တဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုးရေစိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။
24:9 အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။
24:10 အဝတ်မရှိ အချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတစ်ပါးကောက်လှိုင်းကို ထမ်းရ၏။
24:11 သူတစ်ပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကိုနင်းနယ်လျက် အငတ်ခံရ၏။
24:12 လူတို့သည် မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသောစကားကို ဘုရားသခင်သည် ပမာဏပြုတော်မမူ။
24:13 အချို့သောသူတို့သည် အလင်းကိုဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။
24:14 လူသတ်သည်စောစောထ၍ ဆင်းရဲငတ်မွတ်သော သူတို့ကို သတ်တတ်၏။ ညအခါ သူခိုးလုပ်တတ်၏။
24:15 သူ့မယားကို ခိုးသောသူသည် ညဥ့်ဦးယံအချိန်ကိုမျှော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှမမြင်ရဟု ဆိုတတ်၏။
24:16 လူဆိုးတို့သည် ညအချိန်၌ သူတစ်ပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။
24:17 နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဖွယ်သော ဘေးတို့ကို သိရကြ၏။
24:18 ရေပေါ်မှာ ပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲသောအဖို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။
24:19 မိုးရေသည် ခန်းခြောက်ခြင်းအားဖြင့်လည်းကောင်း၊ နေပူအရှိန်အားဖြင့်လည်းကောင်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ်၏။
24:20 သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
24:21 မတရားသောသူသည် သားမဖွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုဆိုးမကိုလည်း ကျေးဇူးမပြုတတ်။
24:22 အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါ လူတိုင်း ကိုယ်အသက်အဖို့ စိုးရိမ်တတ်၏။
24:23 သို့ရာတွင် ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏အမှုများကို ပမာဏပြုတော်မူ၏။
24:24 ခဏချီးမြှောက်ခြင်းသို့ရောက်၍ တစ်ဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသောသူကဲ့သို့ အသက်ချုပ်ခြင်းကိုလည်းကောင်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကိုလည်းကောင်း ခံရကြ၏။
24:25 သို့မဟုတ်လျှင်၊ ငါ၏မုသားအပြစ်ကို အဘယ်သူပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။