Job 29
29:1 ယောဘသည် လင်္ကာစကားကို ဆက်၍မြွက်ဆိုသည်ကား၊
29:2 ငါသည် လွန်လေပြီသောနှစ်၊ လ၊ ဘုရားသခင်စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တစ်ဖန်ဖြစ်ပါစေ။
29:3 ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြုလျက်၊ မိုက်သောအရပ်၌ လျှောက်သွားနိုင်၏။
29:4 ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရသော အခွင့်ရှိသောကာလ၌၊ ငါဖြစ်သကဲ့သို့ တစ်ဖန်ဖြစ်ပါစေ။
29:5 ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက်နေကြ၏။
29:6 ထိုအခါ ငါသွားသောလမ်း၌ နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဖို့ ဆီကိုသွန်းလောင်းလေ၏။
29:7 ငါသည်မြို့အလယ်၌ လျှောက်၍၊ မြို့တံခါးသို့သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
29:8 လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်း ထ၍ မတ်တတ်နေကြ၏။
29:9 မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်ကြ၏။
29:10 မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ၍၊ သူတို့လျှာသည် အာခေါင်၌ ကပ်လေ၏။
29:11 လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းချီးပေးကြ၏။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ၏။
29:12 အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသောသူ အော်ဟစ်သောအခါ ကယ်တင်တတ်၏။
29:13 ပျက်လုသောသူ ကောင်းချီးပေးခြင်းကို ငါခံရ၏။ မုဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။
29:14 ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ်ဆင်၏။ တရားသည် ငါ့ဝတ်လုံ၊ ငါ့ပေါင်းဖြစ်၏။
29:15 မျက်စိကန်းသောသူတို့အား ငါသည် မျက်စိဖြစ်၏။ ခြေဆွံ့သော သူတို့အား ခြေဖြစ်၏။
29:16 ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိအကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။
29:17 မတရားသောသူ၏ အစွယ်တို့ကို ငါချိုး၍၊ သူလုယူကိုက်စားသော အရာကိုနုတ်၏။
29:18 ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သောနေ့ရက်တို့သည် သဲလုံးနှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။
29:19 ငါ့အမြစ်သည် ရေနားမှာပြန့်ပွား၏။ ဆီးနှင်းသည် တစ်ညလုံး ငါ့အခက်အလက်၌ကျ၏။
29:20 ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက်၊ ငါ့လေးသည်လည်း ငါ့လက်၌ အားဖြည့်လျက်ရှိ၏။
29:21 သူတစ်ပါးတို့သည် ငါ့စကားကို နားထောင်၍၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ၏။
29:22 ငါပြောပြီးသည်နောက် သူတို့သည် ပြန်၍မပြော။ ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ၏။
29:23 မိုးရေကိုငံ့လင့်သကဲ့သို့ ငါ့ကိုငံ့လင့်လျက်၊ နောက်ကျသော မိုးရေကို ခံချင်သကဲ့သို့၊ သူတို့သည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်လျက် နေကြ၏။
29:24 ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။
29:25 ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသောနေရာ၌ ထိုင်၏။ ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင်ကဲ့သို့လည်းကောင်း၊ ညှိုးငယ်သောသူတို့ကို နှစ်သိမ့်စေသောသူကဲ့သို့လည်းကောင်း ငါဖြစ်၏။