Job 30
30:1 ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည်ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှ နေရာမပေး။
30:2 သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
30:3 ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတစ်ပါးများနှင့် မပေါင်းဖော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာအရပ်သို့ ပြေးကြ၏။
30:4 စားစရာဖို့ ချုံပုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏။
30:5 လူနေရာမှ နှင်ထုတ်ခြင်းကိုခံရ၍၊ သူခိုးကိုလိုက်သကဲ့သို့ သူတစ်ပါးတို့သည်လိုက်၍ အော်ဟစ်ကြ၏။
30:6 ကြောက်မက်ဖွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။
30:7 ချုံပုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင်အောက်မှာ စုဝေးလျက်နေကြ၏။
30:8 လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။
30:9 ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ်ပါသည်တကား။
30:10 ငါ့ကိုရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့မျက်နှာကို တံတွေးနှင့်မထွေးဘဲ မနေကြ။
30:11 ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲတော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာဇက်ကြိုးကို လွှတ်တတ်ကြ၏။
30:12 သူငယ်တို့သည် ငါ့လက်ယာဘက်၌ထ၍၊ ငါ့ခြေကို တွန်းကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှာ လမ်းဖို့ကြ၏။
30:13 ငါ့လမ်းကိုဖျက်၍ ငါ့ကိုလဲစေခြင်းငှာ ကြိုးစားကြ၏။ သူတို့တွင် သတိပေးသောသူမရှိ။
30:14 ကျယ်သော တွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကိုတိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ ငါ့ထံသို့ တစ်ဟုန်တည်း ပြေးလာကြ၏။
30:15 ကြောက်မက်ဖွယ်သော အရာတို့သည် ငါ့အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက်သဖြင့်၊ ငါ့စည်းစိမ်သည် မိုးတိမ်ကဲ့သို့ လွင့်ကုန်ပြီ။
30:16 ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုမီပြီ။
30:17 ညအခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာခြင်း မရှိရကြ။
30:18 ငါ့အနာသည် ပြင်းထန်သဖြင့်၊ အဝတ်နှင့်ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကိုဖုံးလွှမ်း၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကိုစည်းလျက်နေ၏။
30:19 ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့်၊ ငါသည် မြေမှုန့်နှင့် မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ။
30:20 ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော်လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော်လည်း မှတ်တော်မမူ။
30:21 အကျွန်ုပ်ကို ကြမ်းတမ်းစွာပြု၍၊ အားကြီးသောလက်တော်နှင့် ညှဉ်းဆဲတော်မူ၏။
30:22 အကျွန်ုပ်ကိုချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။
30:23 သေခြင်းသို့လည်းကောင်း၊ အသက်ရှင်သောသူခပ်သိမ်းတို့အဖို့ စီရင်သောနေရာသို့လည်းကောင်း၊ အကျွန်ုပ်ကို ပို့ဆောင်တော်မူမည်ဟု အကျွန်ုပ်သိပါ၏။
30:24 ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်း အချည်းနှီးဖြစ်၏။ ဖျက်ဆီးတော်မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။
30:25 အမှုရောက်သော သူအတွက် ငါငိုကြွေးဖူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြည်းဖူးပြီ မဟုတ်လော။
30:26 သို့သော်လည်း၊ ငါသည် ကောင်းကျိုးကို မျှော်လင့်သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တသောအခါ မှောင်မိုက်ဖြစ်၏။
30:27 ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။
30:28 နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏။ ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။
30:29 မြေခွေးတို့နှင့် ညီအစ်ကိုတော်၏။ ကုလားအုတ်ငှက်တို့နှင့် ပေါင်းဖော်ရ၏။
30:30 အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။
30:31 ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာ ပေးတတ်၏။