Job 31
31:1 ငါသည်အပျိုကိုမျှ မကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။
31:2 သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကိုလည်းကောင်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကိုလည်းကောင်း ပေးတော်မူမည်နည်း။
31:3 ဆိုးသောသူတို့သည် ပျက်စီးခြင်းသို့လည်းကောင်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့လည်းကောင်း ရောက်ရကြမည် မဟုတ်လော။
31:4 ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင်တော်မူသည် မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော။
31:5 မုသားလမ်းသို့ ငါလိုက်မိသော်လည်းကောင်း၊ လှည့်စားခြင်းငှာ ငါပြေးမိသော်လည်းကောင်း၊
31:6 မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ။
31:7 ငါသည် လမ်းလွှဲမိသော်လည်းကောင်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့ လိုက်မိသော်လည်းကောင်း၊ ငါ့လက်၌ အညစ်အကြေးကပ်မိသော်လည်းကောင်း၊
31:8 ငါကြဲသော မျိုးစေ့၏အသီးအနှံကို သူတစ်ပါးစားပါစေ။ ငါ့ပျိုးပင်များကို သူတစ်ပါးနုတ်ပါစေ။
31:9 သူ့မယားကို ငါတပ်မက်မိသော်လည်းကောင်း၊ အိမ်နီးချင်းတံခါးနားမှာ ငါချောင်းမိသော်လည်းကောင်း၊
31:10 ငါ့မယားသည် သူတစ်ပါးထံ၌ ကြိတ်ဆုံကြိတ်ရပါစေ။ သူတစ်ပါးသည် ငါ့မယားကို ရှုတ်ချပါစေ။
31:11 ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။
31:12 ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှကို သုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။
31:13 ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာအမှု ရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊
31:14 ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း။
31:15 ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။ တစ်ပါးတည်းသောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည် မဟုတ်လော။
31:16 ငါသည် ဆင်းရဲသားတောင့်တသောအရာကို မပေးဘဲနေဖူးသလော။ မုဆိုးမမျက်စိကို ပျက်စေခြင်းငှာ ပြုဖူးသလော။
31:17 မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ၊ ငါတစ်ယောက်တည်း စားဖူးသလော။
31:18 ဆင်းရဲသားသည် အဘထံမှာနေသကဲ့သို့၊ ငါ့အသက်ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်းကို ခံပြီ။ ငါသည် ဖွားမြင်သောနေ့မှစ၍ မုဆိုးမကို မစပြီ။
31:19 အဝတ်မရှိသောကြောင့် သေခြင်းသို့ရောက်သော သူတစ်စုံတစ်ယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာနေသောသူ တစ်စုံတစ်ယောက်ကို ငါမြင်၍၊
31:20 သူ၏ခါးသည် ငါ့ကိုကောင်းချီးမပေး။ ငါ့သိုးမွေးအားဖြင့် မနွေးဘဲနေသော်လည်းကောင်း၊
31:21 ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည်မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်လည်းကောင်း၊
31:22 ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုး ကျိုးပါစေ။
31:23 ငါသည် ဘုရားသခင် ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံ့ဘဲနေပါပြီ။
31:24 ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟု ဆိုမိသော်လည်းကောင်း၊
31:25 ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ်သောကြောင့်၊ ငါဝါကြွားဝမ်းမြောက် မိသော်လည်းကောင်း၊
31:26 ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက်သွားသောလကို ငါကြည့်ရှုသောအခါ၊
31:27 ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာနူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်လည်းကောင်း၊
31:28 ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာရောက်၏။
31:29 ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
31:30 ငါသည် သူ့အသက်ကို ကျိန်ဆဲ၍၊ ကိုယ်နှုတ်၌ အပြစ်ရောက်စေခြင်းငှာ အခွင့်မပေး။
31:31 ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရသနည်းဟု မဆိုတတ်သလော။
31:32 ဧည့်သည်သည် လမ်း၌ညကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသောသူတို့အား ကိုယ်တံခါးကို ဖွင့်ထားပြီ။
31:33 ငါသည် လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကို ဝှက်ထားဖူးသလော။
31:34 ထိုသို့ပြုမိလျှင်၊ ကြီးသောပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။
31:35 တစ်စုံတစ်ယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကို ငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာရေးသားထားပါစေ။
31:36 အကယ်စင်စစ် ထိုစာကို ပခုံးပေါ်မှာ ငါတင်ထားပါမည်။ ဗောင်းကဲ့သို့ ဆောင်းပါမည်။
31:37 ငါသည် ကိုယ်အပြုအမူအလုံးစုံတို့ကို ဖော်ပြပါမည်။ မင်းကဲ့သို့ အထံတော်သို့ ချဉ်းကပ်ပါမည်။
31:38 ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့်၊ အော်ဟစ်၍ လည်ချောင်းတို့သည် တညီတည်းမြည်တမ်းသော်လည်းကောင်း၊
31:39 စရိတ်မကုန်ဘဲ မြေအသီးအနှံကိုငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်လည်းကောင်း၊
31:40 စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယောပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘမြွက်ဆိုသောစကားပြီး၏။