Job 7
7:1 လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်းရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှားခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။
7:2 ကျွန်ခံရသောသူသည် မိုးချုပ်သောအချိန်ကို တောင့်တ၍၊ အငှားခံသောသူသည် အခရမည့်အချိန်ကို မျှော်လင့်သကဲ့သို့၊
7:3 ထိုနည်းတူ ငါသည် ဒုက္ခနေ့လတို့နှင့် ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညတို့သည်လည်း ငါ၏ အငန်းအတာဖြစ်၏။
7:4 အဘယ်အခါမှ ညကုန်၍ ငါထရပါမည်နည်းဟု ငါသည် ညည်းတွားလျက် အိပ်ရ၏။ မိုးလင်းသည်တိုင်အောင် လှိမ့်လျက်လူးလျက် နေရ၏။
7:5 လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည် ကွဲ၍ ယိလျက်ရှိ၏။
7:6 ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။
7:7 ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တစ်ဖန် ကောင်းသောအကျိုးကို ငါမမြင်ရ။
7:8 ငါ့ကို မြင်သောသူသည် နောက်တစ်ဖန် မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါပြီ။
7:9 မိုးတိမ်သည် ပြယ်ပျောက် ကွယ်လွင့်သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တစ်ဖန် မတက်ရ။
7:10 မိမိအိမ်သို့ မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တစ်ဖန် သူ့ကိုမသိရ။
7:11 ထိုကြောင့်ငါသည် ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့် စကားပြောရ၏။ အလွန်ညှိုးငယ်သော စိတ်နှင့် မြည်တမ်းရ၏။
7:12 ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကို အစောင့်ထားတော်မူရသလော။
7:13 ငါသည်အိပ်၍ သက်သာမည်။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင်၊
7:14 ကိုယ်တော်သည် ကြောက်မက်ဖွယ်သော အိပ်မက်ကို ပေးတော်မူ၏။ ညရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ၏။
7:15 ငါသည် ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍ သေရသောအခွင့်ကို သာ၍တောင့်တပါ၏။
7:16 ငါသည် အားလျော့လျက်ရှိ၏။ အစဉ်မပြတ် အသက်မရှင်ရာ။ ငါ့ကို တတ်တိုင်းရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။
7:17 ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်းတော်မူမည်အကြောင်း၊
7:18 သူ့ကို နံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏ စုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။
7:19 အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု၊ မျက်နှာလွှဲတော်မူမည်နည်း။ ငါသည် ကိုယ်တံတွေးကို မျိုရသည်တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်း ရှိစေတော်မူမည်နည်း။
7:20 လူကို စောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ရှိသည် မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ် ရွံရှာရသည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာစက်သင်းတော်မူသနည်း။
7:21 အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ်ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာ အကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။