Library · my

Job 8

8:1 ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ် မြွက်​ဆို​သည်​ကား၊ 8:2 သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဤ​သို့​ပြော​မည်​နည်း။ သင်​ပြော​သော​စ​ကား​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး လေ​ပြင်း​ကဲ့​သို့ ဖြစ်​မည်​နည်း။ 8:3 ဘု​ရား​သ​ခင်​သည် မ​တ​ရား​သ​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်​လော။ အ​န​န္တ​တန်​ခိုး​ရှင်​သည် တ​ရား​ကို ဖျက်​တော်​မူ​မည်​လော။ 8:4 သင်၏​သား​သ​မီး​တို့​သည် ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​ကြောင့်၊ ပြစ်​မှား​စဉ်​တွင်၊ သူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သော်​လည်း၊ 8:5 သင်​သည်​မ​ဆိုင်း​မ​လင့်၊ သန့်​ရှင်း​ဖြောင့်​မတ်​သော သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို​ရှာ၍၊ အ​န​န္တ​တန်​ခိုး​ရှင်​အား တောင်း​ပန်​လျှင်၊ 8:6 စင်​စစ် သင့်​အ​တွက် ကိုယ်​တော်​သည်​ထ​ပြီး​လျှင် သင်၏​ဖြောင့်​မတ်​သော​နေ​ရာ​ကို ကောင်း​စား​စေ​တော်​မူ​သ​ဖြင့်၊ 8:7 သင်​သည် အ​စ​အ​ဦး၌ ငယ်​သော်​လည်း၊ နောက်​ဆုံး၌ အ​လွန်​ကြီး​ပွား​လိမ့်​မည်။ 8:8 လွန်​လေ​ပြီး​သော​ကာ​လ​ကို စစ်၍၊ ရှေး​ဘိုး​ဘေး​တို့​ကို မေး​မြန်း​ခြင်း​ငှာ အား​ထုတ်​ပါ​တော့။ 8:9 ငါ​တို့​သည် မ​နေ့၏​သား​ဖြစ်၍ အ​လျှင်း​မ​သိ​ရ​ပါ။ မြေ​ကြီး​ပေါ်​မှာ ငါ​တို့​နေ​ရ​သော နေ့​ရက်​ကာ​လ​သည် အ​ရိပ်​သက်​သက်​ဖြစ်၏။ 8:10 ထို​သူ​တို့​မူ​ကား၊ သင့်​ကို​ဆုံး​မ​သွန်​သင်၍ မိ​မိ​တို့​စိတ်​နှ​လုံး​ထဲ​က မြွက်​ဆို​ကြ​လိမ့်​မည်။ 8:11 ဂ​မာ​ပင်​သည် ရွှံ့​မ​ရှိ​ဘဲ ကြီး​ပွား​နိုင်​သ​လော။ မြစ်​နား​မှာ ပေါက်​သော​မြက်​ပင်​သည် ရေ​မ​ရှိ​ဘဲ ကြီး​ပွား​နိုင်​သ​လော။ 8:12 ထို​အ​ပင်​သည် စိမ်း​လျက် မ​ရိတ်​မ​ဖြတ်​သော်​လည်း၊ အ​ခြား​အ​ပင်​ထက်​သာ၍ ညှိုး​နွမ်း​တတ်၏။ 8:13 ထို​သို့ ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော သူ​အ​ပေါင်း​တို့​သည် ဆုံး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ မျှော်​လင့်​စ​ရာ​အ​ကြောင်း​သည် ပျက်​လိမ့်​မည်။ 8:14 ထို​သူ မျှော်​လင့်​ရာ​လမ်း​သည် ပြတ်​လိမ့်​မည်။ မှီ​ခို​သော​အ​ရာ​သည်​လည်း ပင့်​ကူ​မြှေး​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ 8:15 ထို​သူ​သည် မိ​မိ​အိမ်​ကို​မှီ၍ အိမ်​သည်​အ​မှီ​မ​ခံ။ လက်​နှင့်​ကိုင်​သော်​လည်း မ​တည်​စေ​နိုင်။ 8:16 သူ​သည် နေ​ပူ​မှာ စိမ်း​လန်း​လျက်၊ အ​ခက်​အ​လက်​အား​ဖြင့် မိ​မိ​ဥ​ယျာဉ်​ကို နှံ့​ပြား​လျက်၊ 8:17 အ​မြစ်​အား​ဖြင့် စမ်း​ရေ​တွင်း​ကို​ဝိုင်း၍ ကျောက်​ထူ​သော​အ​ရပ်​ကို တွေ့​မြင်​လျက်​ရှိ​သော်​လည်း၊ 8:18 သူ့​ကို သုတ်​သင်​ပယ်​ရှင်း၍၊ မိ​မိ​နေ​ရာ​အ​ရပ်​က သင်​သည် ငါ​မ​တွေ့​မ​မြင်​စ​ဖူး​ဟူ၍ သူ့​ကို​ငြင်း​ပယ်​လိမ့်​မည်။ 8:19 ထို​သူ ဝမ်း​မြောက်​ရာ​လမ်း​သည် ထို​သို့​ဖြစ်၍၊ သူ့​နေ​ရာ​မြေ၌ အ​ခြား​သူ​တို့​သည် ပေါက်​ကြ​လိမ့်​မည်။ 8:20 စုံ​လင်​သော​သူ​ကို​ကား၊ ဘု​ရား​သ​ခင် စွန့်​ပစ်​တော်​မ​မူ။ မ​တ​ရား​သ​ဖြင့်​ပြု​သော သူ​တို့​ကို​ကား မ​စ​တော်​မ​မူ။ 8:21 ရယ်​မော​ရ​သော​အ​ခွင့်၊ ရွှင်​လန်း​စွာ နှုတ်​မြွက်​ရ​သော​အ​ခွင့်​ကို သင်၌ ပေး​ကောင်း​ပေး​တော်​မူ​မည်။ 8:22 သင့်​ကို​မုန်း​သော သူ​တို့​သည် ရှက်​ခြင်း​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သူ​နေ​ရာ အ​ရပ်​သည်​လည်း ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။