Psalms 10
10:1 အိုထာဝရဘုရား။ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေးရပ်၍ နေတော်မူသနည်း။ ဘေးအန္တရာယ် ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း။
10:2 မတရားသောသူသည် မာနစိတ်ရှိ၍၊ ဆင်းရဲသောသူကို ညှဉ်းဆဲတတ်ပါ၏။ မိမိပြုသော ပရိယာယ်အားဖြင့် ထိုသူကို ဖမ်းဆီးတတ်ပါ၏။
10:3 မတရားသောသူသည် မိမိစိတ်အလို၌ ဝါကြွားတတ်ပါ၏။ လောဘကြီးသောသူသည် ထာဝရဘုရားကို ပယ်၍ မထီမဲ့မြင်ပြုတတ်ပါ၏။
10:4 မတရားသောသူသည် မာနထောင်လွှားသောကြောင့်၊ မစဉ်းစားတတ်ပါ။ ဘုရားသခင်မရှိဟု အစဉ် အောက်မေ့တတ်ပါ၏။
10:5 အစဉ်ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရားစီရင်တော်မူချက်တို့သည် သူနှင့်ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသောရန်သူတို့ကို မထီမဲ့မြင်ပြုတတ်ပါ၏။
10:6 ငါသည် အစဉ်မရွေ့ရ၊ ဆင်းရဲခြင်းသို့ မရောက်ရဟု အောက်မေ့တတ်ပါ၏။
10:7 သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏။ လျှာအောက်မှာ မကောင်းသောအကြံနှင့် မတရားသောအမှုရှိပါ၏။
10:8 ရွာအနားတွင် ပုန်းနေရာအရပ်မှာထိုင်၍၊ အပြစ်မရှိသောသူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ်ပါ၏။ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏။
10:9 ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍နေတတ်ပါ၏။ ဆင်းရဲသောသူကို ဖမ်းဆီးခြင်းငှာ ပုန်းကွယ်၍ နေပါ၏။ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ဆွဲ၍ ဖမ်းဆီးတတ်ပါ၏။
10:10 ထိုသို့ ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ ဆင်းရဲသောသူ အပေါင်းတို့သည် သူ၏လက်သို့ ကျရောက်တတ် ကြပါ၏။
10:11 ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့တတ်ပါ၏။
10:12 အိုထာဝရဘုရား ထတော်မူပါ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ။ နှိမ့်ချလျက်ရှိသော သူတို့ကို မေ့လျော့တော်မမူပါနှင့်။
10:13 မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင်ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း။
10:14 သို့သော်လည်း၊ ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်းစေခြင်းနှင့် နှောင့်ယှက်စေခြင်းကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူတတ်ပါ၏။ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကိုအပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသောသူ၏ခိုလှုံရာဖြစ်တော်မူ၏။
10:15 မတရားသဖြင့်ပြု၍ ဆိုးသောသူ၏ လက်ရုံးကို ချိုးတော်မူပါ။ သူပြုသော အဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ။
10:16 ထာဝရဘုရားသည် ကာလအစဉ်အမြဲတည်သောရှင်ဘုရင်ဖြစ်တော်မူ၍၊ တစ်ပါးအမျိုးသားတို့သည် နိုင်ငံတော်ထဲက ကွယ်ပျောက်ကြပါလိမ့်မည်။
10:17 အိုထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက်ရှိသောသူတို့၏ တောင့်တခြင်းအသံကို ကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
10:18 ဆင်းရဲသားကို သူ၏မြေမှ တစ်ဖန်မနှင်ထုတ်မည်အကြောင်း၊ မိဘမရှိသောသူနှင့် ညှဉ်းဆဲခံရသောသူတို့ကို တရားပေးခြင်းငှာ နားတော်ကိုဖွင့်တော်မူ၏။