Psalms 9
9:1 အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။
9:2 ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်။ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ အမြင့်ဆုံးသောဘုရား။
9:3 အကြောင်းမူကား၊ အကျွန်ုပ်၏ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏။ ရှေ့တော်၌ ပျက်စီးကြပါ၏။
9:4 ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရားဆုံးဖြတ်တော်မူပြီ။ ပလ္လင်တော်ပေါ်မှာထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ။
9:5 တစ်ပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ။ ဆိုးသောသူတို့ကိုဖျက်ဆီး၍ သူတို့နာမကို ကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ။
9:6 ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ မြို့တို့ကို ဖြိုဖျက်တော်မူ၍၊ သူတို့အမှတ်မျှမရှိ ပျောက်ပါပြီ။
9:7 ထာဝရဘုရားမူကား၊ ကာလအစဉ်အဆက်တည်တော်မူ၏။ တရားပလ္လင်တော်ကို ပြင်ဆင်၍၊
9:8 မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏။ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏။
9:9 ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ၏။
9:10 နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူတတ်ပါ။
9:11 ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့။
9:12 လူအသက်သတ်ခြင်းအမှုကိုစစ်တော်မူ၍၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချလျက်ရှိသော သူတို့၏အော်ဟစ်ခြင်းအသံကို မေ့လျော့တော်မမူတတ်ပါ။
9:13 အိုထာဝရဘုရား၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့၏ ညှဉ်းဆဲခြင်းအမှုကို ကြည့်ရှု၍၊ သေမင်းလက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
9:14 သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန်မြို့တံခါးဝမှာ အကျွန်ုပ်ပြညွှန်ပါမည်။ ကယ်တင်တော်မူခြင်းကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်။
9:15 တစ်ပါးအမျိုးသားတို့သည် ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြ၏။ ကိုယ်ဝှက်ထားသော ကျော့ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏။
9:16 ထာဝရဘုရားသည် တရားစီရင်ဆုံးဖြတ်တော်မူခြင်းအားဖြင့် ထင်ရှားတော်မူ၏။ မတရားသောသူသည် မိမိလုပ်သော အလုပ်ထဲမှာ ကျော့မိခြင်းကိုခံရ၏။
9:17 မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်။
9:18 ငတ်မွတ်သော သူတို့ကို အစဉ်မေ့လျော့တော်မမူ။ ဆင်းရဲသောသူတို့သည် မျှော်လင့်၍မရဘဲ အစဉ်မနေရကြ။
9:19 အိုထာဝရဘုရား၊ ထတော်မူပါ။ လူမနိုင်ပါစေနှင့်။ တစ်ပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင်ခြင်းကို ခံရကြပါစေသော။
9:20 အိုထာဝရဘုရား၊ သူတို့ကို ခြောက်လှန့်တော်မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။