Psalms 102
102:1 အိုထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာကို နားထောင်တော်မူပါ။ အကျွန်ုပ်အော်ဟစ်ခြင်းအသံသည် ရှေ့တော်သို့ ရောက်ပါစေသော။
102:2 ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှလွှဲတော်မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အလျင်အမြန် ထူးတော်မူပါ။
102:3 အကြောင်းမူကား၊ အကျွန်ုပ်၏နေ့ရက်ကာလသည် မီးခိုးကဲ့သို့ ကုန်တတ်ပါ၏။ အကျွန်ုပ်၏အရိုးတို့သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။
102:4 အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့အထိအခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်းကိစ္စကိုပင် မေ့လျော့တတ်ပါ၏။
102:5 ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။
102:6 အကျွန်ုပ်သည် လွင်ပြင်၌နေသော ဝံပိုကဲ့သို့လည်းကောင်း၊ တော၌နေသော ဇီးကွက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
102:7 အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တစ်ကောင်တည်းနေရသော ငှက်ကဲ့သို့ဖြစ်၍ စောင့်လျက်နေရပါ၏။
102:8 အကျွန်ုပ်ရန်သူတို့သည် တစ်နေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တစ်ဘက်၌ စော်ကားသောသူတို့သည် အကျွန်ုပ်ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။
102:9 စိတ်တော်မပြေ၊
102:10 အမျက်ထွက်တော်မူသောကြောင့်၊ အကျွန်ုပ်သည်ပြာကို မုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါလည်း၊ မျက်ရည်ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။
102:11 အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။
102:12 အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။
102:13 ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော်မူသောအချိန် ရောက်ပါပြီ။
102:14 ကိုယ်တော်၏ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲတို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
102:15 တစ်ပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကိုလည်းကောင်း၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကိုလည်းကောင်း ကြောက်ရွံ့ကြပါလိမ့်မည်။
102:16 ထာဝရဘုရားသည် ဇိအုန်မြို့ကိုတည်ထောင်၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
102:17 ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ပတ္ထနာကို မှတ်တော်မူလိမ့်မည်။
102:18 ထိုအကြောင်းအရာကို နောက်ဖြစ်လတ္တံ့သောလူမျိုးအဖို့ ရေးမှတ်ရမည်။ ပြုပြင်တော်မူလတ္တံ့သောလူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
102:19 ချုပ်ထားသောသူ၏ညည်းတွားသံကို နားထောင်ခြင်းငှာလည်းကောင်း၊ သေရမည့်သူတို့ကို လွှတ်ခြင်းငှာလည်းကောင်း၊ အတိုင်းတိုင်းအပြည်ပြည်သောလူမျိုးတို့သည် ထာဝရဘုရား၏ဝတ်ကိုပြုလျက် စုဝေးကြသောအခါ၊ ဇိအုန်တောင်ပေါ်၊ယေရုရှလင်မြို့၌၊ထာဝရဘုရား၏နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှားစေခြင်းငှာလည်းကောင်း၊ သန့်ရှင်းရာဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရားသည် မြေကြီးကို ရှုမှတ်တော်မူ၏။
102:23 လမ်းခရီး၌ ငါ၏အစွမ်းကိုလျော့စေခြင်းငှာလည်းကောင်း၊ ငါ၏နေ့ရက်ကာလကို တိုစေခြင်းငှာလည်းကောင်း ပြုတော်မူသောအခါ၊
102:24 ငါလျှောက်သောအချက်ဟူမူကား၊ အို အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအသက်ပျိုစဉ်ပင် ပယ်ရှားတော်မမူပါနှင့်။ ကိုယ်တော်၏နှစ်တို့သည် ကာလအစဉ်အဆက် မြဲကြပါ၏။
102:25 ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။
102:26 ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲခြင်းရှိကြသော်လည်း၊
102:27 ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။
102:28 ကိုယ်တော်ကျွန်တို့၏ သားမြေးတို့သည်တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။