Psalms 103
103:1 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ငါ၏အထဲမှာရှိသမျှတို့၊ သန့်ရှင်းသောနာမတော်ကို ကောင်းချီးပေးကြလော့။
103:2 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
103:3 သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍၊ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။
103:4 သင်၏အသက်ကို ဖျက်ဆီးခြင်းထဲကရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။
103:5 သင့်ကိုအသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
103:6 ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှသောသူတို့အဖို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
103:7 ဘာသာဓလေ့တော်တို့ကို မောရှေ၌လည်းကောင်း၊ စီရင်တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌လည်းကောင်း ပြတော်မူပြီ။
103:8 ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာကြွယ်ဝသောသဘော ရှိတော်မူ၏။
103:9 အစဉ်မပြတ် အပြစ်တင်တော်မူသည် မဟုတ်။ အငြိုးကို အမြဲထားတော်မူသည် မဟုတ်။
103:10 ငါတို့ပြစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊
103:11 မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။
103:12 အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏။
103:13 အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
103:14 အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။
103:15 လူတို့၏နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည်လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။
103:16 လေသည်လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တစ်ဖန် သူ့ကိုမသိရာ။
103:17 ထာဝရဘုရား၏ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တတ်၏။
103:18 သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကိုကျင့်ခြင်းငှာ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
103:19 ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်းသော အရပ်တို့ကိုနှံ့ပြား၏။
103:20 တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နားထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။
103:21 အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။
103:22 နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။