Psalms 104
104:1 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းတန်ခိုးအာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။
104:2 အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကိုခြုံတော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်တော်မူထသော၊
104:3 နေတော်မူရာအထက်ခန်း၊ အမြစ်ကိုရေ၌ တည်တော်မူထသော၊ မိုးတိမ်ရထားကိုစီး၍၊ လေအတောင်တို့ဖြင့် ကြွသွားတော်မူထသော၊
104:4 မိမိတမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့လည်းကောင်း ဖြစ်စေတော်မူထသော၊
104:5 မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ၊ တည်တော်မူသောဘုရားပေတည်း။
104:6 ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့်ဖုံးသကဲ့သို့၊ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များအပေါ်မှာ ရပ်နေကြပါ၏။
104:7 တစ်ဖန်ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုးချုန်းတော်မူသံကိုကြား၍၊ အလျင်အမြန် ပြန်သွားကြပါ၏။
104:8 တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည်ဆင်းလျက်၊ သူတို့ဖို့ ခွဲခန့်တော်မူသော အရပ်သို့ ရောက်ကြပါ၏။
104:9 ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုးစေခြင်းငှာ၊ မကျော်ရသောနယ်စပ်ကို ပိုင်းခြားတော်မူ၏။
104:10 ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကိုလွှတ်တော်မူ၍၊ ရေသည် တောင်တို့တွင်စီးလျက်၊
104:11 မြေတိရစ္ဆာန်အပေါင်းတို့အား သောက်ရသောအခွင့်ကို ပေး၏။ မြည်းရိုင်းတို့သည် အငတ်ပြေရကြ၏။
104:12 ထိုရေအနားမှာ မိုးကောင်းကင်ငှက်တို့သည် နေရာကျ၍၊ သစ်ပင်အခက်အလက်တို့တွင် ကြွေးကြော်ကြ၏။
104:13 အထက်ခန်းတော်ထဲက တောင်များကို ရေပေးတော်မူ၏။ စီရင်ပြုပြင်တော်မူခြင်းအကျိုးကြောင့်၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ၏။
104:14 တိရစ္ဆာန်ဖို့ မြက်ပင်ကိုလည်းကောင်း၊ လူသုံးဖို့ စပါးပင်ကိုလည်းကောင်း ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကိုထုတ်ဖော်တော်မူ၏။
104:15 စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကိုထောက်မ၏။
104:16 ထာဝရဘုရား၏ သစ်ပင်၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။
104:17 ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ်ကြ၏။ ထင်းရှူးပင်တို့၌ တောငန်းတို့သည် နေရာကျတတ်ကြ၏။
104:18 မြင့်သောတောင်တို့သည် တောဆိတ်များမှီခိုရာ၊ ကျောက်တို့သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ၏။
104:19 ချိန်းချက်သောအချိန်ဖို့၊ လကို ဖန်ဆင်းတော်မူပြီ။ နေသည်လည်း၊ မိမိဝင်ရသော အချိန်ကိုသိ၏။
104:20 ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ၍ ညဖြစ်ပါ၏။ ထိုအချိန်၌ တောတိရစ္ဆာန်အပေါင်းတို့သည်တွားလျက် ထွက်တတ်ကြပါ၏။
104:21 ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလိုငှာဟောက်၍၊ ဘုရားသခင့်ထံမှာ အစာကို ရှာကြပါ၏။
104:22 တစ်ဖန် နေထွက်ပြန်လျှင်၊ သူတို့သည် ဆုတ်သွား၍ နေမြဲတွင်းတို့၌ အိပ်နေကြပါ၏။
104:23 လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှာ ညဥ့်ဦးတိုင်အောင် ထွက်သွားပါ၏။
104:24 အို ထာဝရဘုရား၊ ကိုယ်တော်စီရင် ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။
104:25 မရေတွက်နိုင်အောင် တွားတတ်သောတိရစ္ဆာန်အစရှိသော တိရစ္ဆာန်အကြီးအငယ်အများတို့နေရာ ကြီးမားကျယ်ဝန်းသော သမုဒ္ဒရာလည်းရှိပါသေး၏။
104:26 ထိုအရပ်၌ သင်္ဘောတို့သည် သွားလာကြပါ၏။ ထိုအရပ်၌ ကွန့်မြူးစေခြင်းငှာ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်းရှိပါ၏။
104:27 ထိုသို့သော တိရစ္ဆာန်အပေါင်းတို့သည် အချိန်တန်လျှင် အစာကျွေးတော်မူစေခြင်းငှာ၊ ကိုယ်တော်ကို မျှော်လင့်လျက်နေကြပါ၏။
104:28 ကိုယ်တော်ချထားတော်မူသည်အတိုင်း သူတို့သည် သိမ်းယူကြပါ၏။ လက်တော်ကို ဖွင့်တော်မူသောအားဖြင့်၊ သူတို့သည် ကောင်းသောအရာနှင့် ရောင့်ရဲကြပါ၏။
104:29 မျက်နှာတော်ကိုလွှဲတော်မူလျှင်၊ သူတို့သည် ပင်ပန်းကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည်သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။
104:30 တစ်ဖန်ဝိညာဉ်တော်ကိုလွှတ်၍၊ သူတို့ကိုဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင်တော်မူ၏။
104:31 ထာဝရဘုရား၏ဘုန်းတော်သည် နိစ္စအမြဲတည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။
104:32 မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည် တုန်လှုပ်တတ်၏။ တောင်တို့ကိုတို့တော်မူ၍၊ သူတို့သည် မီးခိုးထွက်တတ်ကြပါ၏။
104:33 ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကိုသီချင်းဆိုမည်။ ငါဖြစ်သည် ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။
104:34 ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူဖွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။
104:35 ပြစ်မှားသောသူတို့ကို မြေကြီးမှသုတ်သင်ပယ်ရှင်း၍၊ မတရားသောသူတို့သည် နောက်တစ်ဖန်မဖြစ်ရကြ။ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ဟာလေလုယ။