Psalms 118
118:1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
118:2 ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသရေလအမျိုးဝန်ခံစေ။
118:3 ကရုဏာတော် အစဉ်အမြဲတည်သည်ဟု အာရုန်အနွယ်ဝန်ခံစေ။
118:4 ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကိုကြောက်ရွံ့သော သူတို့သည် ဝန်ခံကြစေ။
118:5 ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏။
118:6 ထာဝရဘုရားသည် ငါ့ဘက်မှာရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။
118:7 ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍၊ ငါ့ကို မုန်းသောသူတို့၌ ငါ့အလို ပြည့်စုံလိမ့်မည်။
118:8 ထာဝရဘုရား၌ ခိုလှုံခြင်းသည်၊ လူကို ကိုးစားခြင်းထက် သာ၍ကောင်း၏။
118:9 ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက် သာ၍ကောင်း၏။
118:10 လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
118:11 ငါ့ကို ဝိုင်းကြ၏။ ဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
118:12 ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
118:13 သင်သည် ငါ့ကိုလှဲခြင်းငှာ ပြင်းထန်စွာ တွန်းသော်လည်း၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ၏။
118:14 ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏။
118:15 ဖြောင့်မတ်သော သူတို့၏နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ယာလက်တော်သည် ကြီးသောအမှုကိုပြု၏။
118:16 ထာဝရဘုရား၏ လက်ယာလက်တော်သည် ချီးမြှင့်လျက်ရှိ၏။ ထာဝရဘုရား၏ လက်ယာလက်တော်သည် ကြီးသောအမှုကိုပြု၏။
118:17 ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်တို့ကို ကြားပြောရဦးမည်။
118:18 ထာဝရဘုရားသည် ငါ့ကိုကျပ်တည်းစွာ ဆုံးမသော်လည်း၊ သေခြင်း၌ အပ်တော်မမူသေး။
118:19 ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အားဖွင့်ကြ။ ငါဝင်၍ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရမည်။
118:20 ဤတံခါးသည် ထာဝရဘုရား၏တံခါးဖြစ်၏။ ဖြောင့်မတ်သော သူတို့သည် ဝင်ရကြ၏။
118:21 ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏စကားကို နားထောင်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူ၏။
118:22 တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။
118:23 ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏။
118:24 ဤနေ့ရက်သည် ထာဝရဘုရား စီရင်တော်မူသောနေ့ရက်ဖြစ်၍၊ ယနေ့ ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။
118:25 အို ထာဝရဘုရား၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား၊ ကောင်းချီးမင်္ဂလာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။
118:26 ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရား၏ အိမ်တော်ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းချီးပေးကြပါ၏။
118:27 ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍၊ ငါတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့် ချည်ကြလော့။
118:28 ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။
118:29 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။