Psalms 119
119:1 ထာဝရဘုရား၏တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ၏။
119:2 သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။
119:3 ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏။
119:4 အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဖို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။
119:5 ကိုယ်တော်၏အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။
119:6 အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏။
119:7 ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။
119:8 ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်း စွန့်ပစ်တော်မမူပါနှင့်။
119:9 လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။
119:10 အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။
119:11 ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။
119:12 အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
119:13 စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။
119:14 ခပ်သိမ်းသော စည်းစိမ်ဥစ္စာကိုရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။
119:15 ပေးတော်မူသော ဩဝါဒကိုဆင်ခြင်၍ လမ်းခရီးတော်တို့ကို ကြည့်ရှုပါ၏။
119:16 အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။
119:17 ကိုယ်တော်၏ကျွန်သည် အသက်ရှင်၍၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း၊ ကျေးဇူးပြုတော်မူပါ။
119:18 တရားတော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။
119:19 အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။
119:20 စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တသောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက်ရှိပါ၏။
119:21 မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏။
119:22 အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည်ဖြစ်၍၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ။
119:23 မင်းတို့သည် အကျွန်ုပ်တစ်ဖက်၌ ထိုင်၍ ပြောကြပါ၏။ ကိုယ်တော်၏ကျွန်မူကား၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ၏။
119:24 သက်သေခံတော်မူချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။
119:25 အကျွန်ုပ်၏အသက်သည် မြေမှုန့်၌ မှီဝဲလျက်ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။
119:26 အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဖော်ပြ၍၊ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
119:27 ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ်နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဖွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။
119:28 အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံးအရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။
119:29 မုသားလမ်းကို အကျွန်ုပ်ရှောင်ပါမည်အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော်မူပါ။
119:30 သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။
119:31 သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။
119:32 အကျွန်ုပ်ဉာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။
119:33 အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။
119:34 ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ပါမည်။
119:35 ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ထိုလမ်းကိုနှစ်သက်ပါ၏။
119:36 အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ။
119:37 အနတ္တကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။
119:38 ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။
119:39 အကျွန်ုပ်ကြောက်သောကဲ့ရဲ့ခြင်းကို ပယ်ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်းမွန်ကြပါ၏။
119:40 ပေးတော်မူသောဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
119:41 အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်းကျေးဇူးတော်သည် အကျွန်ုပ်၌ရောက်ပါစေသော။
119:42 ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သောသူ၏စကားကို ချေစရာအကြောင်း ရှိရပါလိမ့်မည်။
119:43 စီရင်တော်မူချက်တို့ကို အကျွန်ုပ်မျှော်လင့်သည်ဖြစ်၍၊ အကျွန်ုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။
119:44 ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။
119:45 ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေမေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရပါ၏။
119:46 သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
119:47 အကျွန်ုပ်သည် နှစ်သက်သောပညတ်တော်တို့၌ မွေ့လျော်ပါမည်။
119:48 နှစ်သက်သော ပညတ်တော်တို့အားလက်တို့ကိုချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။
119:49 အကျွန်ုပ် မျှော်လင့်စရာအကြောင်း၊ ကိုယ်တော်၏ကျွန်၌ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။
119:50 ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။
119:51 မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန်ကဲ့ရဲ့သော်လည်း၊ ကိုယ်တော်၏တရားလမ်းကို အကျွန်ုပ်မရှောင်ပါ။
119:52 အို ထာဝရဘုရား၊ ရှေးကာလ၌ စီရင်တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့၍၊ ကိုယ်ကိုကိုယ် နှစ်သိမ့်စေပါ၏။
119:53 တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ကြောင့်၊ အကျွန်ုပ်၌ ပူလောင်သောစိတ် စွဲလန်းလျက် ရှိပါ၏။
119:54 အကျွန်ုပ်ဧည့်သည် နေရာအိမ်တွင် အထုံးအဖွဲ့တော်တို့သည် အကျွန်ုပ်သီချင်းဆိုရာအကြောင်း ဖြစ်ကြပါ၏။
119:55 အို ထာဝရဘုရား၊ ညအချိန်၌ နာမတော်ကို အကျွန်ုပ်အောက်မေ့၍ တရားတော်ကိုစောင့်ပါ၏။
119:56 ပေးတော်မူသောဩဝါဒများကို နားထောင်သောအားဖြင့် အားရပါ၏။
119:57 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အဖို့ ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။
119:58 ကျေးဇူးတော်ကို ခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။
119:59 ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူချက်တို့သို့ လှည့်၍လိုက်ပါ၏။
119:60 ပညတ်တော်တို့ကိုစောင့်ခြင်းငှာ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။
119:61 မတရားသောသူအပေါင်းတို့သည် ကျွန်ုပ်ကိုဝိုင်းကြသော်လည်း၊ အကျွန်ုပ်သည် တရားတော်ကို မမေ့မလျော့ပါ။
119:62 တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက်၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ၊ သန်းခေါင်အချိန်၌ အကျွန်ုပ် ထတတ်ပါ၏။
119:63 ကိုယ်တော်ကိုကြောက်ရွံ့သောသူ၊ ပေးတော်မူသောဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ် ပေါင်းဖော်တတ်ပါ၏။
119:64 အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။
119:65 အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ကျွန်၌ ကျေးဇူးပြုတော်မူ၏။
119:66 ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည်ဖြစ်၍၊ ကောင်းသောဉာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။
119:67 အကျွန်ုပ်သည် ဆင်းရဲမခံမီ လမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏။
119:68 ကိုယ်တော်သည် ကောင်းသောသဘော၊ ကျေးဇူးပြုတတ်သောသဘော ရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
119:69 မာနကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ မုသားစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။
119:70 သူတို့နှလုံးသည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။
119:71 အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှာ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။
119:72 နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်အသောင်းထက်မက၊ အကျွန်ုပ်၌ သာ၍ကောင်းပါ၏။
119:73 ကိုယ်တော်၏လက်တို့သည် အကျွန်ုပ်ကိုဖန်ဆင်း၍၊ ပုံသဏ္ဌာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေတော်မူပါ။
119:74 နှုတ်ကပတ်တော်ကို အကျွန်ုပ်မျှော်လင့်သောကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကိုမြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။
119:75 အို ထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကိုလည်းကောင်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ်ကို ဆင်းရဲစေတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။
119:76 ကိုယ်တော်၏ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသောဟု ဆုတောင်းပါ၏။
119:77 ကိုယ်တော်၏တရားသည် အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည်အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက်ပါစေသော။
119:78 မာနကြီးသောသူတို့သည် ရှက်ကြောက်ကြပါစေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည်။
119:79 ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။
119:80 ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော။
119:81 အကျွန်ုပ်၏ဝိညာဉ်သည် ကယ်တင်တော်မူခြင်းကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော်ကို မျှော်လင့်ပါ၏။
119:82 အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေးတော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မျှော်လင့်လျက် အားကုန်ပါ၏။
119:83 မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။ သို့သော်လည်း၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။
119:84 ကိုယ်တော်၏ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ်တော်မူမည်နည်း။
119:85 မာနကြီးသောသူ၊ ကိုယ်တော်၏တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဖို့ တွင်းများကို တူးကြပါပြီ။
119:86 အလုံးစုံသော ပညတ်တော်တို့သည် သစ္စာနှင့် ပြည့်စုံကြပါ၏။ သူတစ်ပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသည်ဖြစ်၍၊ မစတော်မူပါ။
119:87 သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ်မစွန့်ပါ။
119:88 ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက် ဗျာဒိတ်တော်ကို စောင့်ပါမည်။
119:89 အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။
119:90 သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကို တည်စေတော်မူသဖြင့်၊ သူသည် အမြဲနေပါ၏။
119:91 ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။
119:92 အကျွန်ုပ်သည် ကိုယ်တော်၏တရား၌ မွေ့လျော်ခြင်းမရှိလျှင်၊ အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ။
119:93 ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့မလျော့နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့်၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
119:94 အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ဥပဒေသများကို ရှာဖွေလိုက်စစ်သောကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
119:95 အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှာ၊ မတရားသောသူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက်မေ့ပါမည်။
119:96 ခပ်သိမ်းသော စုံလင်ခြင်း၏အဆုံးကို အကျွန်ုပ် မြင်ပါပြီ။ ပညတ်တရားတော်မူကား၊ အလွန်ကျယ်ဝန်းပါ၏။
119:97 ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက် နေပါ၏။
119:98 ပညတ်တရားတော်သည် အကျွန်ုပ်၏ရန်သူတို့ထက်၊ အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏။ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏။
119:99 သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့်၊ အကျွန်ုပ်၏ ဆရာအပေါင်းတို့ထက် သာ၍နားလည်ပါ၏။
119:100 ကိုယ်တော်၏ဥပဒေသများကို စောင့်သောကြောင့်၊ အသက်ကြီးသူတို့ထက် သာ၍ ဉာဏ်ကောင်းပါ၏။
119:101 နှုတ်ကပတ်တော်ကို စောင့်လိုသောငှာ၊ မကောင်းသောလမ်းရှိသမျှတို့ကို လွှဲရှောင်ပါ၏။
119:102 ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့်၊ စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ။
119:103 မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏။
119:104 ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ်သည် ဉာဏ်တိုးပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။
119:105 နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
119:106 ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။
119:107 အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။
119:108 အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာစိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။
119:109 အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။
119:110 မတရားသောသူတို့သည် အကျွန်ုပ်ဖို့ ကျော့ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများမှ လွှဲ၍မသွားပါ။
119:111 သက်သေခံတော်မူချက်တို့သည် အကျွန်ုပ်နှလုံးရွှင်လန်းရာဖြစ်၍၊ ကိုယ်အမွေဥစ္စာဖို့ အစဉ်အမြဲ ခံယူပါ၏။
119:112 အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှာ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။
119:113 အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။
119:114 ကိုယ်တော်သည် အကျွန်ုပ်၏အကွယ်အကာ၊ အကျွန်ုပ်၏ဒိုင်းလွှား ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်ကို မျှော်လင့်လျက်နေပါ၏။
119:115 ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင့်မည်။
119:116 အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ။ အကျွန်ုပ် မျှော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့်။
119:117 အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက်ရှုပါမည်။
119:118 အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသောသူတို့ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသားဖြစ်ပါ၏။
119:119 မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။
119:120 ကိုယ်တော်ကို ထိတ်လန့်သဖြင့်၊ အကျွန်ုပ်သည် ကြက်သီးမွေးညင်းထ၍၊ စီရင်တော်မူချက်တို့မှ ကြောက်ပါ၏။
119:121 အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းကို ပြုပါပြီ။ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။
119:122 ကိုယ်တော်၏ ကျွန်အဖို့အလိုငှာ အာမခံတော်မူပါ။ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်။
119:123 ကယ်တင်တော်မူခြင်း ကျေးဇူးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားတော်နှင့် ယှဉ်သော ဗျာဒိတ်တော်ကိုလည်းကောင်း၊ အကျွန်ုပ်မျက်စိသည်မျှော်၍ အားကုန်ပါပြီ။
119:124 ကရုဏာတော်ရှိသည်အတိုင်း၊ ကိုယ်တော်၏ကျွန်၌ပြု၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
119:125 အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့ကို နားလည်နိုင်သော ဉာဏ်ကို ပေးသနားတော်မူပါ။
119:126 အို ထာဝရဘုရား၊ စီရင်တော်မူချိန် ရောက်ပါပြီ။ သူတစ်ပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏။
119:127 အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။
119:128 သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့သည် ဖြောင့်ကြသည်ဟု ထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။
119:129 သက်သေခံတော်မူချက်တို့သည် အံ့ဩဖွယ်ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။
119:130 နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏။
119:131 ပညတ်တော်တို့ကို အကျွန်ုပ်တောင့်တအားကြီးသဖြင့်၊ နှုတ်ကိုဖွင့်၍ ပန်းဟိုက်ပါ၏။
119:132 နာမတော်ကိုချစ်သော သူတို့၌ ပြုတော်မူတတ်သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနားတော်မူပါ။
119:133 မိန့်တော်မူချက်အစဉ်အတိုင်း အကျွန်ုပ်ခြေလှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သော ဒုစရိုက်မျှ အစိုးမရပါစေနှင့်။
119:134 လူတို့၏ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနုတ်တော်မူပါ။ ကိုယ်တော်၏ဥပဒေသများကို စောင့်ပါမည်။
119:135 မျက်နှာတော်၏အလင်းကို ကိုယ်တော်၏ကျွန်အပေါ်မှာ ထွန်းလင်းစေ၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
119:136 သူတစ်ပါးများတို့သည် တရားတော်ကိုမစောင့်သောကြောင့်၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေကဲ့သို့ စီးပါ၏။
119:137 အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြပါ၏။
119:138 ထားတော်မူသော သက်သေခံတော်မူချက်တို့သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏။
119:139 ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သောကြောင့်၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲပါ၏။
119:140 နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် နှစ်သက်ပါ၏။
119:141 အကျွန်ုပ်သည် ငယ်သောသူ၊ မထီမဲ့မြင်ပြုခြင်းကို ခံရသောသူဖြစ်ပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ။
119:142 ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရဖြောင့်မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားသည် သစ္စာတရားဖြစ်ပါ၏။
119:143 ဆင်းရဲညှိုးငယ်ခြင်းသို့ ရောက်သော်လည်း၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။
119:144 သက်သေခံတော်မူချက်တို့သည် အစဉ်အမြဲ ဖြောင့်ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ ဉာဏ်ကိုပေးသနားတော်မူပါ။
119:145 အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ်ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ။ အထုံးအဖွဲ့တော်တို့ကို စောင့်ပါမည်။
119:146 ကိုယ်တော်ကို အော်ဟစ်ပါ၏။ ကယ်တင်တော်မူပါ။ သက်သေခံတော်မူချက်တို့ကို စောင့်ပါမည်။
119:147 မိုးမလင်းမီ အကျွန်ုပ် အော်ဟစ်တတ်ပါ၏။ နှုတ်ကပတ်တော်ကို မျှော်လင့်လျက်နေပါ၏။
119:148 ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသောငှာ၊ ညဥ့်ယံမလွန်မီ အကျွန်ုပ်နိုးတတ်ပါ၏။
119:149 အို ထာဝရဘုရား၊ ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
119:150 မကောင်းသောအကြံအစည်၌ ကျင်လည်သော သူတို့သည် အနီးသို့ချဉ်းကြပါ၏။ သူတို့သည် ကိုယ်တော်၏တရားနှင့် ဝေးကြပါ၏။
119:151 အို ထာဝရဘုရား၊ ကိုယ်တော်သည် နီးတော်မူ၏။ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြပါ၏။
119:152 သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထားတော်မူကြောင်းကို၊ ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။
119:153 အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကိုကြည့်ရှု၍၊ ကယ်နုတ်တော်မူပါ။ ကိုယ်တော်၏တရားကို မမေ့မလျော့ပါ။
119:154 အကျွန်ုပ်အမှုကိုစောင့်၍ အကျွန်ုပ်ကို ရွေးနုတ်တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော်မူပါ။
119:155 မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့်၊ ကယ်တင်ခြင်းနှင့် ဝေးကြပါ၏။
119:156 အိုထာဝရဘုရား၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏။ စီရင်တော်မူချက်နှင့်အညီ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
119:157 အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြုသောသူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။
119:158 သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား၊ သူတို့သည် ဗျာဒိတ်တော်စကားကို နားမထောင်ဘဲ နေကြပါ၏။
119:159 ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ်နှစ်သက်ကြောင်းကို မှတ်တော်မူပါ။ အိုထာဝရဘုရား၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
119:160 နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ၏။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ်အမြဲ တည်ကြပါ၏။
119:161 အစိုးရသောသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံးသည် စကားတော်ကို ကြောက်ရွံ့ပါ၏။
119:162 လက်ရဥစ္စာများကိုတွေ့သကဲ့သို့ ဗျာဒိတ်တော်စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏။
119:163 မုသားစကားကို ကြားပြင်းရွံရှာပါ၏။ တရားတော်ကိုကား နှစ်သက်ပါ၏။
119:164 ဖြောင့်မတ်စွာစီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တစ်ရက်လျှင် ခုနစ်ကြိမ်ချီးမွမ်းတတ်ပါ၏။
119:165 တရားတော်ကိုနှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့ စိတ်ပျက်စရာအကြောင်းမရှိပါ။
119:166 အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်မျှော်လင့်၍၊ ပညတ်တော်တို့ကို ကျင့်ပါ၏။
119:167 သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ်သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။
119:168 ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ပါ၏။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ရှိကြပါ၏။
119:169 အို ထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော။ နှုတ်ကပတ်တော်အတိုင်း ဉာဏ်ကို ပေးသနားတော်မူပါ။
119:170 အသနားခံသောစကားသည် ရှေ့တော်သို့ ရောက်ပါစေသော။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။
119:171 အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသောအခါ၊ အကျွန်ုပ်၏နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆိုပါမည်။
119:172 အလုံးစုံသောပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။
119:173 ကိုယ်တော်၏ဥပဒေသများကို နှစ်သက်ပါသည်ဖြစ်၍၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေသော။
119:174 အို ထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်တောင့်တပါ၏။ တရားတော်သည်လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။
119:175 အကျွန်ုပ်သည် အသက်ရှင်၍၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော။
119:176 ပျောက်သောသိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲပါပြီ။ ကိုယ်တော်၏ကျွန်ကို ရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။