Psalms 138
138:1 အိုထာဝရဘုရား၊ ကိုယ်တော်ကိုစိတ်နှလုံးအကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာသီချင်းဆိုပါမည်။
138:2 သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပျပ်ဝပ်ကိုးကွယ်၍ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကတိတော်ကို သတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ။
138:3 အကျွန်ုပ်အော်ဟစ်သောနေ့တွင် နားထောင်တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်အားကိုသွင်းသဖြင့်၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ၏။
138:4 အိုထာဝရဘုရား၊ လောကီရှင်ဘုရင်အပေါင်းတို့သည် နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။
138:5 ထာဝရဘုရား၏လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဘုန်းကြီးတော်မူ၏။
138:6 ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သော သူတို့ကိုကား၊ အဝေးကသိတော်မူ၏။
138:7 အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူလိမ့်မည်။ လက်တော်ကိုဆန့်လျက်၊ ရန်သူတို့၏ အမျက်ဒေါသကိုဆီးတား၍၊ လက်ယာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။
138:8 ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော်မူမည်။ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏လက်နှင့်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။